လယ်ဝေးမြို့နယ်အတွင်း စိတ်ကြွဆေးပြားနှစ်ထောင်ကို လန်ခရူဆာယာဉ်နှင့်တင်ဆောင်လာသူ လေးဦးအား သက်ဆိုင်ရာက အမှုဖွင့်အရေးယူခဲ့ကြောင်း ဒီဇင်ဘာ ၁၆ ရက်က ထုတ်ပြန်သည်။
ဒီဇင်ဘာ ၁၅ ရက်နေ့ ညနေ ၃ နာရီခွဲခန့်တွင် လယ်ဝေးမြို့ နယ် အောင်းကုန်းကျေးရွာထိပ် ပျဉ်းမနားမြို့ရှောင်လမ်းထောင့်တွင် မူးယစ်သတင်းရရှိထားသည့် သာဝတ္ထိမြို့၊ ဦးမြင့်(ခ) ဦးမြင့်နိုင် (၄၉ နှစ်) ဦးသန့်ဇင်အောင် (၂၉)နှစ်၊ ဦးဘိုဘိုဟန်(ခ)ဦးဖိုးကြူး(၃၈ နှစ်)နှင့် တပ်ကုန်းမြို့နေ မနီနီဝင်း (ခ)နီလာ(၃၇)နှစ်ကို မူးယစ်သတင်းအရ နေပြည်တော် မူးယစ်အထူးအဖွဲ့ မှ တပ်ဖွဲ့ဝင်များကဖမ်းဆီးရမိခဲ့သည်။
ထိုသို့ဖမ်းဆီးရမိစဉ် ၄င်းတို့ထံမှ TOYOTA Landcruiser(လန်ခရူဆာ) VX Limited အမျိုးအစား အနက်ရောင် မော်တော်ယာဉ်တစ်စီး၊ KENBO 110 အမျိုးအစားအနက်ရောင်ဆိုင်ကယ်တစ်စီးတို့ကို သိမ်းဆည်းရမိခဲ့သည်။
သိမ်းဆည်းရမိသည့် မော်တော်ယာဉ် နောက်ခန်းထိုင်ခုံပေါ်ရှိ အဝါရောင်လက်ဆွဲ အိတ်အတွင်းတွင် အမဲရောင်တိပ်ဖြင့်ပတ်ထားသော အပြာရောင်ပလက်စတစ်ကပ်ခွာအိတ်တစ်အိတ် အထုပ် ၁၀ ထုပ်ဖြင့်ခွဲထည့်ထားသည့် WY စာတမ်းပါ စိတ်ကြွဆေးနှစ်ထောင်ပြား ကျပ် ၆၀ဝ၀ဝ၀ဝ၊ အဝါရောင် လက် ဆွဲအိတ်တစ်လုံး၊လက်ကိုင်ဖုန်းလေးလုံးနှင့် ကျပ် ၇၅၀ဝ တို့ကို သိမ်းဆည်းရမိခဲ့သောကြောင့် ၄င်းတို့ကို အရေးယူပေးရန်တိုင်ကြားခဲ့သည်။
အေလာနယ်မြေရဲစခန်းက မယ(ပ)၃/၁၈၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေး ဝါးများ ဆိုင်ရာဥပဒေပုဒ်မ-၁၉(က)/၂၀(က)/ ၂၁ အရ အမှုဖွင့်အရေးယူထားသည်။

















