ယီမင်၌ ဆော်ဒီဦးဆောင်ပတ်သက်မှုကို အမေရိကန် ကူညီခြင်း အဆုံးသတ်စေရန် လွှတ်တော်ဆုံးဖြတ်

ယီမင်၌ ဆော်ဒီဦးဆောင်ပတ်သက်မှုကို အမေရိကန် ကူညီခြင်း အဆုံးသတ်စေရန် လွှတ်တော်ဆုံးဖြတ်

ယီမင်စစ်ပွဲတွင် ဆော်ဒီဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်နေခြင်းကို အမေရိကန်ကကူညီမှု အဆုံးသတ်ရန် အမေရိကန်အထက်လွှတ်တော်၏ ဆုံးဖြတ်ချက်ကို ပြည်တွင်းရေးစွက်ဖက်မှုအဖြစ် ဆော်ဒီအာရေဗျက ပြစ်တင်ရှုတ်ချခဲ့သည်။

တူရကီရှိ ဆော်ဒီကောင်စစ်ရုံးတွင် သတင်းစာဆရာ ဂျမားလ်ခါရှောဂီအသတ်ခံရခြင်းအတွက်လည်း ဆော်ဒီ အိမ်ရှေ့စံ မိုဟာမက်ဘင်ဆဲလ်မန်ကို အမေရိကန်အထက်လွှတ်တော်က အပြစ်တင်ခဲ့သည်။

မမှန်ကန်သည့်စွပ်စွဲမှုများကို အခြေပြု၍ ဝင်ရောက်စွက်ဖက်ခြင်းဟု ဆော်ဒီက တုံ့ပြန်ခဲ့သည်။
    အမေရိကန်အထက်လွှတ်တော်၏ ဒီဇင်ဘာ ၁၃ ရက် ဆုံးဖြတ်ချက်သည် ကြီးမားသည့်သင်္ကေတတစ်ခုသာဖြစ်ပြီး ဥပဒေ တစ်ရပ်အဖြစ် ဖြစ်လာဖွယ်မရှိပေ။ သို့သော် သမ္မတဒေါ်နယ်ထရမ့်၏ ဆော်ဒီဆိုင်ရာမူဝါဒအပေါ် အမတ်များက ဒေါသထွက်ကြောင်း သတိပေးနိုင်ခဲ့သည်။
    မဖြစ်မနေလိုက်နာရန် မလိုအပ်သည့်လွှတ်တော် ဆုံးဖြတ်ချက်က ယီမင်တွင် အစ္စလာမ္မစ်အစွန်းရောက်များကို တိုက်ခိုက်ခြင်းမှတစ်ပါး အမေရိကန်တပ်ဖွဲ့များ ပတ်သက်ခြင်းမပြုရန် တောင်းဆိုထားသည်။ ယီမင်စစ်အတွက် ဆော်ဒီ စစ်လေယာဉ်များကို အမေရိကန်ကဆီဖြည့်ပေးခြင်းကို လွန်ခဲ့သည့်လက ရပ်စဲခဲ့သည်။
    သမ္မတထရမ့်က ဆော်ဒီအရေးနှင့်ပတ်သက်၍ ဗွီတိုအာဏာသုံးရန် ကတိပြုထားခြင်းကြောင့် အထက်လွွှတ်တော် ဆုံးဖြတ်ချက်သည် ဥပဒေဖြစ်လာစရာမရှိဟု ဆိုသည်။ 
သို့သော် လွတ်လပ်သည့် အထက်လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ဘာနီဆန်ဒါးစ်ကမူ ဒီမိုကရက်များထိန်းချုပ်ထားသည့် အောက်လွှတ်တော်က ဇန်နဝါရီလတွင် ယီမင်အရေးကို ပိုမိုကျယ်ပြန့်စွာကိုင်တွယ်နိုင်ရန် မျှော်လင့်ကြောင်း ပြောဆိုခဲ့သည်။
    ထရမ့်အစိုးရက ယီမင်တွင် အီရန်နောက်ခံပြု ဟူသီသူပုန်များကို ဆော်ဒီပူးပေါင်းတပ်ကတိုက်ခိုက်နေခြင်းကို အမေရိကန်ထောက်ခံမှု ဖြတ်တောက်ရန်သင့်မသင့် ငြင်းချက်ထုတ်ထားသည်။ 
အမေရိကန်နှင့်ဆော်ဒီ စီးပွားရေး ဆက်နွွှယ်မှုကိုလည်း အိမ်ဖြူတော်က အလေးပေးထောက်ပြခဲ့သည်။
    သမ္မတထရမ့်၏သမက်ဖြစ်ပြီး အကြံပေးတစ်ဦးလည်းဖြစ်သည့် ဂျရက်ကူရှ်နာသည် ဆော်ဒီအိမ်ရှေ့စံနှင့် ဆက်လက် နီးကပ်စွာစည်းရုံးဆက်ဆံနေကြောင်းလည်း အမေရိကန်မီဒီယာများက ဖော်ပြခဲ့သည်။