တာလီဘန်နှင့် အမေရိကန်တာဝန်ရှိသူများ ထပ်မံတွေ့ဆုံ

တာလီဘန်နှင့် အမေရိကန်တာဝန်ရှိသူများ ထပ်မံတွေ့ဆုံ

ယူအေအီးတွင် ဒီဇင်ဘာ ၁၇ ရက်က အမေရိကန်တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း  တာလီဘန်က ထုတ်ပြန်ကြေညာထားသည်။ 

ယခုအကြိမ် တွေ့ဆုံမှုတွင် ပါကစ္စတန်၊ ဆော်ဒီအာရေဗျနှင့် ယူအေအီး တာဝန်ရှိသူများလည်း ပါဝင်ပြီး ၁၇ နှစ်ကြာ အာဖဂန်  ပြည်တွင်းပဋိပက္ခများ အဆုံးသတ်နိုင်ရေး ဆွေးနွေးအဖြေရှာမှု လုပ်ငန်းစဉ် တစ်စိတ်တစ်ဒေသဖြစ်သည်။ 
    တာလီဘန် ပြောရေးဆိုခွင့်ရှိသူ ဇာဘင်ဟူလာ မူဂျာဟစ်က တွေ့ဆုံကြောင်းကိုသာ ထုတ်ပြန်ပြီး အသေးစိတ်ကိုမူ ထည့်သွင်းပြောကြားခြင်း မရှိသေးပေ။

တွေ့ဆုံပွဲ ဖြစ်မြောက်ကြောင်းကို အာဖဂန် နိုင်ငံပိုင်မီဒီယာ ဘာခတာမှ ညွှန်ကြားရေးမှူး ခါလီ  မီနာဝီကလည်း အတည်ပြုပြောကြားသည်။ 
ယခုတွေ့ဆုံဆွေးနွေးပွဲသည်  အကြိုအဆင့်သာဖြစ်ပြီး မကြာခင် ပါကစ္စတန်က ဦးဆောင်ကျင်းပပေးမည့် အမေရိကန်နှင့် တာလီဘန် ဆွေးနွေးပွဲအတွက် ပြင်ဆင်ခြင်းလည်း ဖြစ်သည်။ 
    အာဖဂန်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အာဖရန်အစိုးရနှင့် မဆွေးနွေး၊ အမေရိကန်နှင့်သာ တိုက်ရိုက်ဆွေးနွေးမည်ဟု တာလီဘန်တို့က ကြေညာထားသည်။ 
ဒီဇင်ဘာ ၁၇ ရက် ယူအေအီး ဆွေးနွေးပွဲတွင် အာဖဂန် အစိုးရ ကိုယ်စားလှယ်များ တက်ရောက်ခြင်းမရှိသော်လည်း ကိုယ်စားလှယ်အဖွဲ့သည် ယူအေအီးသို့ ရောက်ရှိနေသည်။

တာလီဘန်တို့က အာဖဂန်အစိုးရသည်  အမေရိကန်၏ ကြိုးဆွဲရုပ်ဟု ရှုတ်ချထားသည်။ 
လက်ရှိတွင်  တာလီဘန်သည်  အာဖဂန်မြေ ထက်ဝက်နီးပါးကို  ထိန်းချုပ်ထားသည်။ 
    တာလီဘန်နှင့် ဆွေးနွေးနေခြင်းကို အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန တစ်စုံတစ်ရာ အတည်ပြု ထုတ်ပြန်ခြင်းမရှိသေးသော်လည်း အမေရိကန်အစိုးရ၏ အာဖဂန်  ငြိမ်းချမ်းရေး အထူးကိုယ်စားလှယ် ဇယ်မေ ခါလီဇတ်ကမူ အာဖဂန် ငြိမ်းချမ်းရေးနှင့် ဆက်စပ်နေသည့် အာဖဂန် အဖွဲ့အစည်းအားလုံးနှင့် အကြိမ်ကြိမ် ဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း အတည်ပြု ပြောကြားထားသည်ကို ထောက်လျှင် တာလီဘန်တို့နှင့်လည်း ဆွေးနွေးလျက်ရှိကြောင်း ထင်ရှားလျက်ရှိသည်။