ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပနေသည့် ယူ-၂၁ဖိတ်ခေါ်ပြိုင်ပွဲ ဗိုလ်လုပွဲကို ဒီဇင်ဘာ ၁၈ရက် မြန်မာစံတော်ချိန် ညနေ ၄နာရီခွဲတွင် ကျင်းပမည်ဖြစ်ပြီး အိမ်ရှင်ဗီယက်နမ်နှင့် မြန်မာအသင်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
တက်လှမ်း
နည်းပြချုပ် ဦးကြည်လွင် ဦးဆောင်လျက်ရှိသည့် မြန်မာယူ-၂၁အသင်းသည် အုပ်စုတွင်းပွဲဦးထွက်၌ ဗီယက်နမ်အသင်းကို ငါးဂိုး နှစ်ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပြီး ဂမ်ဟီးအသင်းကို တစ်ဂိုး ဂိုးမရှိဖြင့်ရှုံးနိမ့်ခဲ့ကာ မလေးရှားအသင်းကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
ဗီယက်နမ်အသင်းမှာ သုံးပွဲကစား ရမှတ် ၉မှတ်ဖြင့် ဗိုလ်လုပွဲသို့တက်လှမ်းနိုင်ခဲ့ပြီး မြန်မာ၊မလေးရှားနှင့် ဂမ်ဟီးအသင်းတို့မှာ ရမှတ်သုံးမှတ်စီ တူညီနေသော်လည်း ဂိုးကွာခြားချက်အရ မြန်မာက အနုတ်၁ ၊ မလေးရှားနှင့် ဂမ်ဟီးအသင်းတို့က အနုတ်၃ ဖြစ်ခဲ့၍ မြန်မာအသင်း ဗိုလ်လုပွဲသို့တက်လှမ်းခဲ့သည်။
ဗီယက်နမ်နှင့် မြန်မာအသင်းတို့၏ ဗိုလ်လုပွဲမတိုင်မီ တတိယနေရာလုပွဲအဖြစ် မြန်မာစံတော်ချိန် မွန်းလွဲ ၂နာရီတွင် မလေးရှားနှင့် တောင်ကိုရီးယားကလပ် ဂမ်ဟီးအသင်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
မြန်မာယူ-၂၁အသင်းသည် ၂၀၁၇ခုနှစ် ဗီယက်နမ်သတင်းစာဖိတ်ခေါ်ပြိုင်ပွဲတွင် တတိယဆု ရရှိခဲ့သည်။















