အမေရိကန်ပြည်ထောင်စု၏ နောက်ဆုံးပြစ်ဒဏ်ခတ်ပိတ်ဆို့မှုသည် ကိုရီးယားကျွန်းဆွယ် ထာဝရ နျူကလီးယား ကင်းစင်ရေးလမ်းကြောင်းကို ပိတ်ဆို့နေကြောင်း မြောက်ကိုရီးယားကပြောဆိုလျက် ယင်းချဉ်းကပ်မှုပုံစံကို ပြစ်တင် ရှုတ်ချခဲ့သည်။
အမေရိကန်လွှတ်တော်ကို ပြစ်တင်ဝေဖန်ပြီး နောက်တစ်ရက် ဒီဇင်ဘာ ၁၇ ရက်၌ ကင်ဂျုံအွန်၏ဖခင်ဖြစ်သူ ကင်ဂျုံအီကွယ်လွန်မှု ခုနစ်နှစ်မြောက်အခမ်းအနားများကိုလည်း ကျင်းပခဲ့သည်။
ဇွန်လက စင်ကာပူတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့ တွေ့ဆုံခဲ့ပြီး သံတမန်ရေးပြန်လည်သင့်မြတ်မှု လျင်မြန်စွာ ဖြစ်ပေါ်ခဲ့ သော်လည်း ယင်းနောက်တွင် မြောက်ကိုရီးယား နျူကလီးယားအရေး ဆွေးနွေးမှုမှာ တိုးတက်မှုနည်းပါးကာ ရပ်တန့်နေခဲ့သည်။
နျူလက်နက်အလုံးစုံဖျက်သိမ်းပြီးမှ ဆန်ရှင်ရုတ်သိမ်းပေးမည်ဟု အမေရိကန်ကပြောဆိုခဲ့ပြီး ယင်းသည် လူဆိုးဂိုဏ်းပုံစံ ခြိမ်းခြောက်မှုဖြစ်ကြောင်း ပြုံယမ်းကစွပ်စွဲခဲ့သည်။
လွန်ခဲ့သည့်အပတ်က ဝါရှင်တန်သည် ကင်ဂျုံအွန်၏ ယာလက်ရုံး ချိုယောင်ဟေး အပါအဝင် မြောက်ကိုရီးယားထိပ်တန်းအရာရှိသုံးဦးကို လူ့အခွင့်အရေးချိုးဖောက်မှုစွဲချက်ဖြင့် ဆန်ရှင်စာရင်းတွင် ပေါင်းထည့်ခဲ့သည်။
သမ္မတထရမ့်က ပြုံယမ်းနှင့်ဆက်ဆံရေးတိုးတက်လိုကြောင်း အကြိမ်ကြိမ်ပြောဆိုခဲ့သော်လည်း အမေရိကန် နိုင်ငံခြားရေးဌာနကမူ နှစ်နိုင်ငံဆက်ဆံရေးကို လွန်ခဲ့သည့်နှစ်က အပြန်အလှန်တိုက်ခိုက်ဝေဖန်ခဲ့သည့်အနေအထားသို့ ပြန်သွားရန် စိတ်အားထက်သန်နေကြောင်း ကေစီအင်န်အေက ထုတ်ပြန်ခဲ့သည်။
ထရမ့်နှင့်ကင်တို့သည် လာမည့်နှစ်တွင် ထပ်မံတွေ့ဆုံရန်ရှိပြီး ပထမအကြိမ်ဆုံတွေ့ခဲ့ပြီးနောက် ပြုံယမ်း၏ နျူနှင့်ဒုံးကျည်စီမံကိန်းစွန့်လွှတ်ရေး ခိုင်မာသည့်ခြေလှမ်းအနည်းငယ်သာရှိခဲ့ကြောင်း ထရမ့်အပေါ် ပြစ်တင် ဝေဖန်မှုများလည်း ရှိခဲ့သည်။
ယင်းလက်နက်များသည် အမေရိကန်ကျူးကျော်မှုဖြစ်နိုင်ခြေကိုတားဆီးရန် လိုအပ်ကြောင်း ပြုံယမ်းက ကြာရှည်ပြောဆိုခဲ့ပြီး ယင်းအတွက် ရင်းမြစ်များစွာနှင့် ကမ္ဘာတစ်ဝန်းမှ ပိတ်ဆို့မှုများစွာကို ရင်ဆိုင်ခဲ့ရသည်။

















