ထိုင်းပရီးမီးယားလိဂ်ကလပ်များက ခေါ်ယူရန် စိတ်ဝင်စားနေသည့် ဇွဲကပင်ယူနိုက်တက် တိုက်စစ်မှူးသန်းထက်အောင်သည် ဒီဇင်ဘာ ၂၀ရက်တွင် ထိုင်းနိုင်ငံသို့ထွက်ခွာပြီး အပြောင်းအရွှေ့ဖြစ်မြောက်ရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ဆွေးနွေးမည်
ပြီးခဲ့သည့်ဘောလုံးရာသီက မြန်မာနေရှင်နယ်လိဂ်၌ ခြေစွမ်းပြကစားပြီး တစ်လတာ အကောင်းဆုံးကစားသမားဆုများ ပိုင်ဆိုင်ခဲ့သည့် သန်းထက်အောင်ကို ထိုင်းကလပ်များက ခေါ်ယူရန် အေးဂျင့်မှတစ်ဆင့် ဆက်သွယ်မှုများပြုလုပ်လာခဲ့ပြီး အပြောင်းအရွှေ့မှာ ယခုလမကုန်ခင်တွင် ပြီးမြောက်ဖွယ်ရှိနေသည်။ " အခုအချိန်မှာ ဘယ်ကလပ်တွေက ကမ်းလှမ်းထားလဲဆိုတာ ပြောလို့မရသေးပါဘူး။ ဒီဇင်ဘာ၂၀ရက်မှာ ထိုင်းကိုသွားပြီး ဆွေးနွေးမှုတွေပြုလုပ်မှာပါ။ အဲဒီကနေပြန်ရောက်ရင်တော့ ဘယ်ကလပ်လဲဆိုတာ ပြောလို့ရပါပြီ" ဟု သန်းထက်အောင်က ဖွင့်ဟခဲ့သည်။
အပြီးသတ်ဖွယ်ရှိ
တိုက်စစ်မှူးသန်းထက်အောင်ကို ထိုင်းကလပ်များသို့ရောက်ရှိရန် အကျိုးဆောင်ပေးနေသည့် အေးဂျင့်မှာ တိုက်စစ်မှူးကျော်ကိုကို၏ အေးဂျင့်ဖြစ်ပြီး သန်းထက်အောင်မှာ ဆာမက်ပရာခန်ကလပ်သို့လည်း ရောက်ရှိနိုင်ခြေရှိနေသည်။ ဆာမက်ပရာခန်မှာ ကျော်ကိုကိုအား ခေါ်ယူရန် နောက်ဆုံးအဆင့် ဆေးစစ်မှုများပြုလုပ်လျက်ရှိပြီး ရက်ပိုင်းအတွင်း အပြီးသတ်ဖွယ်ရှိနေသည်။
မကျိန်းသေ
"ကိုကျော်ကိုကိုနဲ့ ကျွန်တော်နဲ့က အေးဂျင့်အတူတူပါ။ အခုအခြေအနေက ကျွန်တော့်ကိုကမ်းလှမ်းတဲ့ ကလပ်တွေနာမည်ကို မသိရသေးဘူး။ အေးဂျင့်က အတူတူဆိုတော့ ဆာမက်ပရာခန်ကိုလည်း ကျွန်တော်ရောက်နိုင်ခြေရှိပါတယ်။ ဒါကလည်း မကျိန်းသေပါဘူး။ ၂၀ရက်နေ့နောက်ပိုင်းမှသာ အဖြေသဲသဲကွဲကွဲ သိရမှာပါ" ဟု သန်းထက်အောင်က ပြောဆိုသည်။
သန်းထက်အောင်သည် ဇွဲကပင်ယူနိုက်တက်နှင့် စာချုပ်ကုန်ဆုံးခဲ့ပြီဖြစ်ပြီး ကမ်းလှမ်းထားသည့် ထိုင်းလိဂ်-၁ကလပ်များနှင့် အဆင်မပြေပါက နေရှင်နယ်လိဂ်သို့ ပြန်လည်ခြေချမည်ဟု သိရသည်။















