ဟန်ဂေရီတွင် ကျေးကျွန်ဥပဒေနှင့် တူသော အလုပ်သမားဥပဒေကို လူတစ်သောင်းကျော် ကန့်ကွက်ဆန္ဒပြ

ဟန်ဂေရီတွင် ကျေးကျွန်ဥပဒေနှင့် တူသော အလုပ်သမားဥပဒေကို လူတစ်သောင်းကျော် ကန့်ကွက်ဆန္ဒပြ

ဟန်ဂေရီ  အစိုးရက အသစ်ပြင်ဆင်ပြဌာန်းလိ်ုက်သော အလုပ်သမားဥပဒေသည် ကျေးကျွန်ဥပဒေနှင့် တူသည်ဟု အတိုက်အခံများက စွပ်စွဲကာ ဥပဒေသစ်ကို ကန့်ကွက်ဆန္ဒပြပွဲများ  ဒီဇင်ဘာ ၁၆ က လူ တစ်သောင်းကျော် ပါဝင်ဆင်နွှဲခဲ့ကြသည်။

ဆန္ဒပြလူထုသည် လွှတ်တော်နှင့် နိုင်ငံပိုင် ရုပ်သံဌာနချုပ်သို့ ချီတက်ဆန္ဒပြခဲ့ကြသည်။ ပြီးခဲ့သည့် သီတင်းပတ်က ဥပဒေသစ်ကို အတည်ပြုခဲ့ပြီးနောက်  လေးကြိမ်တိုင်တိုင် အင်အားအလုံးအရင်းဖြင့် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။ ရုပ်သံဌာနအနီး ဆန္ဒပြသူများကို ရဲက မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်လူစုခွဲခဲ့သည်။ 
ဥပဒေသစ်အရ ကုမ္ပဏီများသည် ဝန်ထမ်းများကို တစ်နှစ်လျှင်  အချိန်ပို နာရီ  ၄၀ဝ ထိ ဆင်းခိုင်းခွင့်ရှိပြီး၊ အချိန်ပိုကြေး ပေးချေခွင့်ကို  သုံးနှစ်အထိ  ရွှေ့ဆိုင်းထားခွင့်ရှိကြောင်း သတ်မှတ်ဖော်ပြထားသည်။ 
အလုပ်သမားဥပဒေ ပြင်ဆင်ပြောင်းလဲခြင်းဖြင့် အလုပ်သမားများအတွက်လည်း အကျိုးခံစားခွင့်များ ပိုရလာမည်ဖြစ်သလို၊ နိုင်ငံအတွင်း အလုပ်သမား ရှားပါးမှုနှင့် ကြုံတွေ့နေရသော ကုမ္ပဏီများအတွက်လည်း အကျိုးထူးများ ရရှိလာမည်ဟု ဝန်ကြီးချုပ် ဗစ်တာ အော်ဘန်က ပြောသည်။ 
    ယခုဆန္ဒပြပွဲကို “ဝန်ကြီးချုပ်အတွက် ပျော်စရာ ခရစ္စမတ်” ဟု အတိုက်အခံများက ကင်ပွန်းတပ်ထားသည်။ ဝန်ကြီးချုပ် အော်ဘန်သည် အာဏာရှင်  ဆန်သထက် ဆန်လာနေကြောင်းလည်း အတိုက်အခံများက ဝေဖန်လျက်ရှိသည်။ ဝန်ကြီးချုပ်ကမူ စွပ်စွဲချက်များကို ငြင်းဆိုထားသည်။ 
    ယခု ဆန္ဒပြပွဲများသည် ဟန်ဂေရီဖွား အမေရိကန် ဘီလီယံနာသူဌေး ဂျော့ဆိုးရော့စ် အပါအဝင်  ပြည်ပမှ သွေးထိုးလှုံ့ဆော်သူများ၏ ရန်ပုံငွေ ထောက်ပံ့မှုဖြင့် ပြုလုပ်ခြင်းဖြစ်သည်ဟု ဝန်ကြီးချုပ် အော်ဘန်က စွပ်စွဲထားသည်။ မစ္စတာဆိုးရော့စ်ကမူ စွပ်စွဲချက်များကို ငြင်းဆိုထားသည်။