မက္ကဆီကိုနိုင်ငံ အရှေ့တောင်ပိုင်း ပြည်နယ်ငါးခုကို ဖြတ်သန်းဖောက်လုပ်မည့် ဒေါ်လာ ၇ ဒသမ ၄ ဘီလျံတန် ထရန် မာယာ ရထားလမ်းစီမံကိန်းကို သမ္မတ အန်ဒရေ မန်နျူရယ် လိုပက်ဇ် အိုဘရာဒါက ပန္နက်ချပေးလိုက်ပြီဖြစ်သည်။
ရထားလမ်းစီမံကိန်း ပန္နက်ချပွဲကို ရှေးဟောင်းမြို့တော် ပါလန်ချူအနီးတွင် ကျင်းပခဲ့ပြီး ယခုစီမံကိန်းကြောင့် အလုပ်အကိုင်နေရာသစ် ထောင်သောင်းချီ ပေါ်ပေါက်လာမည်ဖြစ်ကြောင်း သမ္မတ လိုပက်ဇ် အိုဘရာဒါက ပြောသည်။ ရထားလမ်းသည် မိုင် ၉၅၀ ရှည်လျားမည်ဖြစ်ပြီး ပါလန်ချူနှင့် ကာရစ်ဘီယန် ကမ်းရိုးတန်းမြို့ ကန်ကွန်းကို ချိတ်ဆက်ပေးမည်ဖြစ်သည်။
ရထားလမ်း စီမံကိန်းကို ဆန့်ကျင်သူများကမူ စီမံကိန်းကြောင့် ဒေသ ဂေဟစနစ် ပျက်ယွင်းရနိုင်သည်ဟု ဝေဖန်ထောက်ပြလျက်ရှိသည်။
ရထားလမ်း သုံးပုံ တစ်ပုံသည် ထိတို့ရသေးခြင်းမရှိသော သဘာဝတောရိုင်းများကို ဖြတ်သန်းဖောက်လုပ်မည်ဖြစ်သည်။
တောရိုင်းမြေများတွင် နေထိုင်သော တိုင်းရင်းသား မာယာ လူမျိုးများကလည်း ရထားလမ်း စီမံကိန်းနှင့် ပတ်သက်ပြီး ၎င်းတို့၏ သဘောထားကို တောင်းခံခြင်းမရှိကြောင်း ပြောကြားထားကြသည်။
သမ္မတ လိုပက်ဇ် အိုဘရာဒါကမူ သဘာဝပတ်ဝန်းကျင်သမားများ၏ ဝေဖန်မှုများကို ပယ်ချလိုက်ပြီး ရထားလမ်းစီမံကိန်းနှင့် ပတ်သက်ကာ သစ်ပင်တစ်ပင်ကိုမျှ နုတ်မည်မဟုတ်ဟု ဆိုထားသည်။
ရထားလမ်း စီမံကိန်းသည် လေးနှစ်ကြာမြင့်မည်ဖြစ်ပြီး ဒေါ်လာ ၇ ဒသမ ၄ ဘီလျံခန့် ကုန်ကျနိုင်ကြောင်း အကြမ်းဖျင်းခန့်မှန်းထားသည်။

















