မောင်တောမြို့နယ်တွင် ခေါက်ဆွဲစက္ကူဘူးများဖြင့်ထည့်ထားသည့် စိတ်ကြွဆေးပြား သန်းနှင့်ချီကို သက်ဆိုင်ရာက ဒီဇင်ဘာ ၁၇ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့သည်။
အဆိုပါနေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်ခန့်က မောင်တော - ဘူးသီးတောင်သွားကားလမ်း၊ (၆)မိုင် စစ်ဆေးရေးဂိတ်၌ Nissan UD ယာဉ်ပေါ်တွင် ခေါက်ဆွဲဖာများဖြင့်ထည့်ထားသည့် စိတ်ကြွဆေးပြား ၁၉ သိန်းကျော်နှင့်အတူ ဖမ်းဆီးရမိသည့် ညီမျိုးသန့်နှင့် အာဇီဇူလောင်တို့ နှစ်ဦးကို ဖမ်းမိခဲ့သည်။
၄င်းတို့ကို ဆက်လက်စစ်ဆေးခဲ့ရာမှ ကွင်းဆက်အမှုအဖြစ် မောင်တောမြို့၊ မြို့မအနောက် ရပ်ကွက် စည်ပင်သာယာဈေးအပေါ်ထပ်ရှိ မာမတ်ဆီဒိန်(စိစစ်ဆဲ)ငှားရမ်းဖွင့်လှစ်ထားသည့် သော့ခတ်ပိတ်ထားသောဆိုင်ခန်းအမှတ်(1A-7)ကို သက်ဆိုင်ရာက ဝင်ရောက်ရှာဖွေခဲ့သည်။
ထိုသို့ရှာဖွေရာ ဆာလာအိတ် သုံးအိတ်အတွင်း ခေါက်ဆွဲဖာများဖြင့်ထည့်ထားသည့် WY စိတ်ကြွဆေးပြား ၁၁၄၀ဝ၀ဝ ပြား (ကျပ် သိန်းနှစ်သောင်းကျော်ဖိုး)ကို ထပ်မံဖော်ထုတ်ရမိခဲ့သောကြောင့် ၄င်းတို့ကို အရေးယူပေးရန်တိုင်ကြားခဲ့သည်။
မောင်တောမြို့မရဲစခန်းကမူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့် အရေးယူထားသည်။

















