သိန်းလေးထောင်နီးပါးအဂတိလိုက်စားသူကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းကို ထောင်ဒဏ်ခုနစ်နှစ်ချ

သိန်းလေးထောင်နီးပါးအဂတိလိုက်စားသူကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းကို ထောင်ဒဏ်ခုနစ်နှစ်ချ

မွန်ပြည်နယ် ကင်မွန်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းက လုပ်ပိုင်ခွင့်အာဏာကို အသုံးချကာ မြေဝယ် ယူသူထံမှ သိန်း ၃၉၅၀ ကိုရယူခဲ့မှုနှင့်ပတ်သက်၍ တရားရုံးက အလုပ်နှင့် ထောင်ဒဏ် ၇ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ယနေ့ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ 

မွန်ပြည်နယ်တရားလွှတ်တော်က ကင်မွန်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်သူရလှိုင်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ ပြစ်ဒဏ်ကျခံစေရန် ဒီဇင်ဘာ ၁၃ ရက်နေ့တွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ 
ဖြစ်စဉ်မှာ သင်္ဃန်းကျွန်းမြို့နယ်နေသူ ပိုင်ဆိုင်သည့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်း ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၇၅)၊ ကဒတ်ချောင်းအပြင်ကွင်း၊ ဦးပိုင်အမှတ် (N-18)၊ ဧရိယာ(၂.၃၀) ဧကကို စောင့်ရှောက်ရန်အတွက် စာရွက်စာတမ်းများဖြင့် တရားဝင် ပြန်လည်လွှဲအပ်ခြင်းခံရသူက ဆေးကုသမှု ခံယူနေခဲ့ရသည်။
ထိုကာလအတွင်း ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်သူရလှိုင်သည် မည်သူ့ကိုမှ အသိပေး အကြောင်းကြားခြင်း မပြုဘဲ ၎င်းမြေကွက်၏ ပုံစံ(၇)ကို တရားမဝင် ထုတ်ယူခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။ 
အဆိုပါ ပုံစံ(၇)စာရွက်စာတမ်းများကို အကြောင်းပြု၍ မြေဝယ်ယူသူထံမှ ငွေကြေး ကျပ်သိန်းပေါင်း ၃၉၅၀ တိတိကို လက်ခံရယူခဲ့ကြောင်းပေါ်ပေါက်ခဲ့သည်။
ထို့ကြောင့်နစ်နာသူက အရေးယူပေးရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့သည်။

အဆိုပါတိုင်ကြားစာနှင့်ပတ်သက်၍ ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေးခဲ့ရာ အုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်သူရလှိုင်က ၎င်းတာဝန်ထမ်းဆောင်နေသည့် ကာလအတွင်း အခွင့် အာဏာကို အသုံးပြုပြီး အဂတိလိုက်စားမှုကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
ထိုသို့စစ်ဆေးပေါ်ပေါက်သဖြင့် မွန်ပြည်နယ် တရားလွှတ်တော်သို့ ၂၀၁၇ ခုနှစ် ဇူလိုင်လ (၃၁)ရက်နေ့တွင် တရားစွဲဆိုတင်ပို့ခဲ့ပြီး ရာဇဝတ်ကြီးမှုအမှတ် ၃/၂၀၁၇ ဖြင့် လက်ခံစစ်ဆေးခဲ့သော အမှုဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး