ဘရက်ဇစ်အရေး မဲခွဲရန် ထရီဆာမေ၏တစ်လအချိန်ဆိုင်းမှု ဗြိတိန်ကို အမျိုးသားရေးအကျပ်ဆိုက်စေဟု အတိုက်အခံခေါင်းဆောင်ဆို

ဘရက်ဇစ်အရေး မဲခွဲရန် ထရီဆာမေ၏တစ်လအချိန်ဆိုင်းမှု ဗြိတိန်ကို အမျိုးသားရေးအကျပ်ဆိုက်စေဟု အတိုက်အခံခေါင်းဆောင်ဆို

ဥရောပသမဂ္ဂ(အီးယူ)မှ ဗြိတိန်နုတ်ထွက်မှု(ဘရက်ဇစ်)အစီအစဉ်အား အောက်လွှတ်တော်တွင်မဲခွဲရန် ဝန်ကြီးချုပ် ထရီဆာမေက တစ်လအထိအချိန်ဆိုင်းခြင်းသည် လက်ခံနိုင်ဖွယ်မရှိကြောင်း၊ မေသည် ဗြိတိန်ကို အမျိုးသားရေး အကျပ်ဆိုက်ရန် ဦးဆောင်နေပြီဖြစ်ကြောင်း အတိုက်အခံ လေဘာပါတီခေါင်းဆောင် ဂျရမီကော်ဘန်က ပြောဆိုခဲ့သည်။

ထရီဆာမေအပေါ် အယုံအကြည်မရှိအဆိုတင်သွင်းရန် ကြိုးပမ်းနေသည့် ကော်ဘန်၏ ဒီဇင်ဘာ ၂၄ ရက် စကားစစ်ထိုးပွဲတွင် ပြောဆိုခဲ့သည့်စကားအတွက် အစိုးရဘက်မှ အယုံအကြည်အဆိုတင်ရန်အချိန်ပေးမည်မဟုတ်ကြောင်း၊ ဝန်ကြီးများသည် မိုက်မဲသည့်နိုင်ငံရေးကစားပွဲတွင် လိုက်ပါကြမည်မဟုတ်ကြောင်း တုံ့ပြန်ခဲ့သည်။ 
စကားစစ်ထိုးပွဲတွင် ကော်ဘန်က လွန်ခဲ့သည့်အပတ်က ဘရက်ဇစ်အရေးမဲခွဲရန် ပျက်ကွက်ခဲ့သည့် ဝန်ကြီးချုပ်မေကို အယုံအကြည်မရှိကြောင်း ကြေညာရန်လည်း အမတ်များကို တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
    ကော်ဘန်သည် အစိုးရထက် မေကိုသာ ပုဂ္ဂိုလ်ရေးအရ အယုံအကြည်မရှိအဆိုတင်ရန် အာရုံစိုက်ပုံရကြောင်း၊ အကယ်၍ အစိုးရကိုပါ အယုံအကြည်မရှိတင်ရန် ကြိုးပမ်းလာပါက ဗြိတိန်အထွေထွေရွေးကောက်ပွဲ စောစီးစွာ ကျင်းပနိုင်ကြောင်း ဘီဘီစီသတင်းက ဖော်ပြခဲ့သည်။ 
မေက ဘရပ်ဆဲလ်တွင် အီးယူခေါင်းဆောင်များနှင့် ထပ်မံညှိနှိ်ုင်းဆွေးနွေးမည်ဖြစ်ပြီး ဇန်နဝါရီ ၁၄ ရက်၌ ဗြိတိန် အောက်လွှတ်တော်၌ မဲခွဲစေမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ကော်ဘန်က ဘရက်ဇစ်အစီအစဉ်သည် အပြောင်းအလဲ ရှိမည် မဟုတ်၍ ယခုပင် မဲခွဲဆုံးဖြတ်ကြပြီး အခြေအနေမှန်နှင့်ပတ်သက်သည့် အခြားနည်းလမ်းများကိုလည်း စဉ်းစားသင့်ပြီ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
    ဘရက်ဇစ်ဆိုင်ရာစကားစစ်ထိုးပွဲကို အောက်လွှတ်တော်တွင် ဇန်နဝါရီ ၇ ရက်၌ ပြန်လည်စတင်ရန်လည်း မေက ပြောဆိုခဲ့သည်။

အီးယူမှဗြိတိန်ထွက်ခွာရန် ၁၄ ပတ်သာ ကျန်တော့သည့်အချိန်တွင် စိုးရိမ်ပူပန်ကြသည့် အောက်လွှတ်တော် အမတ်များစွာရှိသည်ကို မိမိသိရှိကြောင်း၊ ယင်းအတွက်ဆုံးဖြတ်ချက်တစ်ရပ် မကြာမီချမှတ်ကြရမည် ဖြစ်ကြောင်းလည်း မေက ပြောဆိုခဲ့သည်။
    လက်ရှိ ဘရက်ဇစ်အစီအစဉ်အရ ဗြိတိန်သည် အီးယူမှ ၂၀၁၉ ခုနှစ် မတ် ၂၉ ရက်၌ ထွက်ခွာရန် သဘောတူညီထားပြီး ယင်းတွင် အနာဂတ်ဗြိတိန်နှင့်အီးယူ ဆက်ဆံရေးမူဘောင်များ ပါဝင်သည်။