သေနတ်သံကြား၍ စုံစမ်းနေသည့် အမေရိကန်ရဲနှစ်ဦး ရထားတိုက်ခံရ၍သေဆုံး

သေနတ်သံကြား၍ စုံစမ်းနေသည့် အမေရိကန်ရဲနှစ်ဦး ရထားတိုက်ခံရ၍သေဆုံး

ရှီကာဂိုမြို့တောင်ပိုင်းတွင် ဒီဇင်ဘာ ၁၇ ရက်ညက သေနတ်သံကြားရ၍ သွားရောက်စုံစမ်းစစ်ဆေးနေသည့် ရဲအရာရှိနှစ်ဦး ရထားတိုက်ခံရသဖြင့် သေဆုံးခဲ့သည်။

ရထားသံလမ်းများဆီ ဦးတည်ပြေးလွှားနေသူတစ်ဦးကို လိုက်လံဖမ်းဆီးရင်း အသက် ၃၇ နှစ်နှင့် ၃၁ နှစ်ရွယ် ရဲအရာရှိနှစ်ဦး ရထားတိုက်ခံခဲ့ရကြောင်း၊ ယင်းဧရိယာတွင် ရထားရပ်တန့်ရန်သတ်မှတ်ချက်မရှိဘဲ ရထားများ တစ်နာရီ မိုင် ၆၀ မှ ၇၀ နှုန်းဖြင့် မောင်းနှင်သည့်နေရာဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
    မြောက်ပိုင်းအင်ဒီယားနားနှင့် ရှီကာဂိုကို ဆက်သွယ်သည့်ရထားလမ်းပေါ်တွင် မြို့ပတ်ရထားတစ်စင်းက ရဲများကို တိုက်မိခဲ့ခြင်း ဖြစ်သည်။

ငယ်ရွယ်သည့်အိမ်ထောင်ဦးစီး လူရွယ်နှစ်ဦး ကွယ်လွန်ခဲ့ရသည့် ကြေကွဲဖွယ် မတော်တဆမှုဖြစ်ကြောင်း ရှီကာဂိုမြို့တော်ဝန် ရမ်းအီမန်နျူရဲလ်က ပြောဆိုခဲ့သည်။

သေဆုံးသူရဲအရာရှိနှစ်ဦးတို့လည်း လုပ်သက်တစ်နှစ်ခွဲနှင့် နှစ်နှစ်ခွဲသာ ရှိကြသေးကြောင်း၊ ၄င်းတို့လိုက်လံဖမ်းဆီးခဲ့သူကို သေနတ်တစ်လက်နှင့်အတူ ဖမ်းမိခဲ့ကြောင်းလည်း ရဲတပ်ဖွဲ့က ရှင်းပြခဲ့သည်။ 
    ရှီကာဂိုရဲတပ်ဖွဲ့တွင် မြို့တွင်း၌ သေနတ်သံများကို ထောက်လှမ်းသည့် အာရုံခံကိရိယာများအသုံးပြုလျက် ရဲတပ်ဖွဲ့ကို တပ်လှန့်အချက်ပေးသည့်စနစ် တပ်ဆင်ထားရာ ယင်းအချက်ပေးမှုအရ သွားရောက်စုံစမ်းစစ်ဆေးရင်း ရထားတိုက်ခံခဲ့ရခြင်း ဖြစ်သည်။
    ၂၀ဝ၂ ခုနှစ်တွင် မြို့အနောက်ခြမ်း၌ မူးယစ်ဆေးဝါးရောင်းဝယ်မှု ပြုလုပ်နေကြောင်း သတင်းအရ တာဝန်ထမ်းဆောင်ရင်း ရှီကာဂိုရဲအရာရှိတစ်ယောက် ရထားတိုက်မိပြီး သေဆုံးခဲ့ရသည်။

ယခုနှစ်အတွင်းတွင် တာဝန်ထမ်းဆောင်ရင်း ရာဇဝတ်သားများ၏ ပစ်ခတ်မှုကြောင့် ရဲအရာရှိနှစ်ဦး သေဆုံးခဲ့ရပြီးဖြစ်သည်။