အလုပ်ခွင်အခြေအနေများ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပေးရေး တောင်းဆိုသည့်အနေဖြင့် ဂျာမနီရှိ အမေဇုန်ဖြန့်ချိရေးဌာနနှစ်ခုရှိ ဝန်ထမ်းများသည် သပိတ်မှောက်နေကြပြီဖြစ်သည်။
အမေဇုန်သည် အွန်လိုင်းအခြေစိုက် ရောင်းဝယ်ရေးလုပ်ငန်းကြီးတစ်ခုဖြစ်သောကြောင့် ခရစ္စမတ်မတိုင်မီတွင် ကုန်အမှာများကို မပို့ဆောင်နိုင်မည်ကို စိုးရိမ်မှုများရှိနေပြီဖြစ်သည်။
ဂျာမနီနိုင်ငံအရှေ့ပိုင်း လိုက်ပဆစ်နှင့် အနောက်ပိုင်း ဗာနေးရှိ အလုပ်သမားများသည် ဒီဇင်ဘာ ၁၇ ရက်တွင် သပိတ်မှောက်ခဲ့ကြောင်း ဂျာမန်သတင်းဌာန ဒီပီအေက ဖော်ပြခဲ့သည်။
အမေဇုန်ဝန်ထမ်းများသည် ဂျာမနီရှိ အခြားလက်လီနှင့် ဖြန့်ချိရေးအလုပ်သမားများနှင့် ယှဉ်လျှင် ဝင်ငွေနည်းပါးလှကြောင်း ဖာဒီသမဂ္ဂက ပြောဆိုခဲ့သည်။
အမေဇုန်ဝန်ထမ်းများသည် လုပ်ငန်းနယ်ပယ်တူ အခြားဝန်ထမ်းများထက် လစာပိုမိုကောင်းမွန်ကြောင်း အမေဇုန်ကုမ္ပဏီက တုံ့ပြန်ထားသည်။
ဝန်ထမ်းအများစုသည် ဆက်လက်အလုပ်လုပ်ကိုင်နေဆဲဖြစ်ပြီး ဂျာမနီရှိ ဌာနနှစ်ခုရှိ ဝန်ထမ်းများ သပိတ်မှောက်ခြင်းကြောင့် ဖြန့်ချိရေးလုပ်ငန်းများထိခိုက်စရာမရှိကြောင်း ကုမ္ပဏီက ဒီဇင်ဘာ ၁၇ ရက်တွင်ပြောဆိုခဲ့သည်။
ကုမ္ပဏီသည် ခရစ္စမတ်ကာလအတွက်ပြင်ဆင်ထားပြီး အင်မတန်အလုပ်များလှသော ယင်းကာလအတွင်း ဖြန့်ချိရေးလုပ်ငန်းများထိခိုက်စရာမရှိကြောင်း ကုမ္ပဏီကပြောဆိုခဲ့သည်။

















