တရုတ်သည် ကမ္ဘာ့နိုင်ငံရေးစင်မြင့်ဗဟိုချက်သို့ရောက်ရှိလာသော်လည်း ဗိုလ်ကျစိုးမိုးရေးလုပ်ဆောင်မည်မဟုတ်ဟု သမ္မတရှီကျင့်ဖျင်ပြောဆို

တရုတ်သည် ကမ္ဘာ့နိုင်ငံရေးစင်မြင့်ဗဟိုချက်သို့ရောက်ရှိလာသော်လည်း ဗိုလ်ကျစိုးမိုးရေးလုပ်ဆောင်မည်မဟုတ်ဟု သမ္မတရှီကျင့်ဖျင်ပြောဆို

တရုတ်နိုင်ငံသည် ကမ္ဘာ့နိုင်ငံရေးစင်မြင့်၏ဗဟိုချက်သို့ရောက်ရှိလာတော့မည်ဖြစ်သော်လည်း တစ်နိုင်ငံတည်းအာဏာချုပ်ကိုင် ထင်ရာစိုင်းပြီး ဗိုလ်ကျစိုးမိုးရေးကိုလုပ်ဆောင်မည်မဟုတ်ကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်က ဒီဇင်ဘာ ၁၈ ရက်တွင် ပြောဆိုခဲ့သည်။

တရုတ်နိုင်ငံ၌ ပြုပြင်ပြောင်းလဲမှုဖော်ဆောင်ပြီး တံခါးဖွင့်ဝါဒကျင့်သုံးခဲ့သည့် နှစ် ၄၀ ပြည့်အထိမ်းအမှတ်အခမ်းအနားတွင် သမ္မတရှီက အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ယဉ်ကျေးမှုတော်လှန်ရေးပြီးနောက် စီးပွားရေးပြိုလဲမှုဆိုသည့် ချောက်ကမ်းပါးထဲသို့ ထိုးမကျစေရေး ကယ်တင်ခဲ့သည့် ခေါင်းဆောင်ဟောင်း တိန့်ရှောင်ဖိန်ကိုလည်း ရှီက ချီးကျူးပြောဆိုခဲ့သည်။
    သို့သော် ကမ္ဘာလုံးဆိုင်ရာ အင်အားကြီးနိုင်ငံတစ်နိုင်ငံကိုလည်း မည်ကဲ့သို့ ကျင့်ကြံနေထိုင်ရမည်ကို ညွှန်ကြားပြောဆိုနေရန်လည်း မသင့်တော့ကြောင်း ရှီကပြောဆိုခဲ့သည်။ ရှီသည် လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း တရုတ်နိုင်ငံတိုးတက်လာပုံအကြောင်းကို ဥပမာများပေးကာပြောဆိုခဲ့ပြီး ယင်းတိုးတက်မှုများသည် ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေခဲ့သည့် မဟာအောင်မြင်မှုများဖြစ်ကြောင်း ချီးကျူးပြောဆိုခဲ့သည်။
    တရုတ်နိုင်ငံ၏လက်ရှိအနေအထားကြောင့် မည်သည့်နိုင်ငံကမျှ တရုတ်ကိုမည်ကဲ့သို့ နေထိုင်ပြုမူရမည်ကို ညွှန်ကြားမနေသင့်တော့ကြောင်း ရှီကဆက်လက်ပြောဆိုခဲ့သည်။

တရုတ်နိုင်ငံသည် တစ်ကမ္ဘာလုံးကောင်းကျိုးအတွက်ထည့်ဝင်သည်ပိုးနေသည့် နိုင်ငံဖြစ်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးတိုးတက်အောင် လုပ်ဆောင်နေသည့် နိုင်ငံ၊နိုင်ငံတကာအစီအစဉ်ကို ကာကွယ်သည့်နိုင်ငံနှင့် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်နှင့်ရင်ဆိုင်ရာတွင် ဦးဆောင်သည့် အခန်းကဏ္ဍမှပါဝင်နေသည့် နိုင်ငံဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။
    တရုတ်နိုင်ငံ၏စီးပွားရေးပြုပြင်ပြောင်းလဲမှုကို ၁၉၇၈ ခုနှစ်တွင် ယင်းအချိန်က ခေါင်းဆောင် တိန့်ရှောင်ဖိန်က ကမကထပြုခဲ့ပြီး ယင်းအစီအစဉ်ကို အဆိုပါနှစ် ဒီဇင်ဘာ ၁၈ ရက်တွင် အတည်ပြုခဲ့သည်။ 
ပြုပြင်ပြောင်းလဲမှုများသည် ယခင်အမှားဆိုသည့် နှောင်ကြိုးမှ လွတ်မြောက်စေခဲ့သည့် အရာများဖြစ်ကြောင်း ရှီကပြောဆိုခဲ့သည်။
    လွန်ခဲ့သော နှစ် ၄၀ သည် တရုတ်ပုံစံ ဆိုရှယ်လစ်ဝါဒ၏ မဟာခုန်ပျံကျော်လွှားအောင်မြင်မှုဖြစ်ပြီး တရုတ်ပြန်လည်ရှင်သန်ထမြောက်ရေးကိုဖြစ်ပေါ်စေခဲ့ကြောင်း ရှီကပြောဆိုခဲ့သည်။