ပထမဆုံးလေယာဉ်တင်သင်္ဘောတည်ဆောက်ပြီး ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်မည်ဟု ဂျပန်ထုတ်ပြန်

ပထမဆုံးလေယာဉ်တင်သင်္ဘောတည်ဆောက်ပြီး ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်မည်ဟု ဂျပန်ထုတ်ပြန်

မြောက်ကိုရီးယား၊ တရုတ်တို့၏ခြိမ်းခြောက်မှုများနှင့် အခြားထိခိုက်နစ်နာဖွယ်ရာများကို တန်ပြန်ရန်အတွက် ဂျပန်သည် ပထမဆုံးလေယာဉ်တင်သင်္ဘောကိုတည်ဆောက်မည်ဖြစ်ပြီး ကာကွယ်ရေးအသုံးစရိတ်ကိုလည်း တိုးမြှင့်မည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးအဖွဲ့က ဒီဇင်ဘာ ၁၈ ရက်တွင် အတည်ပြုလိုက်သည့် ကာကွယ်ရေးလမ်းညွှန်ချက်သစ်များတွင်ဖော်ပြထားသည်။

လက်ရှိ ရဟတ်ယာဉ်တင်သင်္ဘောကို အမေရိကန်လုပ် တန်ဖိုးကြီးမားသည် အက်ဖ် ၃၅ ဘီ တိုက်လေယာဉ် ၄၂ စင်းတင်ဆောင်နိုင်သည့် လေယာဉ်တင်သင်္ဘောအဖြစ် ပြုပြင်ပြောင်းလဲရန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏အစိုးရက အတည်ပြုခဲ့သည်။ 
ဂျပန်သည် လာမည့် ဆယ်စုနှစ်အတွင်း ၁၄၇ အက်ဖ်-၃၅ တိုက်လေယာဉ်များကိုလည်း ဝယ်ယူမည်ဖြစ်သည်။
    ဂျပန်၏စစ်ရေးအင်အားကို တိုးမြှင့်ပြီး သာမန်နိုင်ငံတစ်နိုင်ငံ၏စွမ်းဆောင်ရည်နှင့်ပြည့်ဝအောင် လုပ်ဆောင်မည်ဖြစ်ကြောင်း အာဘေးကပြောဆိုခဲ့သည်။ အမေရိကန်ရေးဆွဲပေးခဲ့သည့် ငြိမ်းချမ်းရေးဦးတည်သော ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန် အာဘေးက ကြိုးပမ်းနေသည်။
    မြောက်ကိုရီးယား၊ တရုတ်တို့၏ခြိမ်းခြောက်မှုများနှင့် ဒေသတွင်းရှိ လုံခြုံရေးအခြေအနေအပြောင်းအလဲများကို ရင်ဆိုင်ရန် ဂျပန်သည် ဒုံးကျည်ကာကွယ်ရေးစနစ်နှင့် တိုက်လေယာဉ်များစွာတို့ကို လိုအပ်ကြောင်း ကာကွယ်ရေးအရာရှိများကပြောဆိုခဲ့သည်။ ကာကွယ်ရေးတပ်ဖွဲ့၏ အရှည် ၂၅၀ မီတာ ( ပေ ၈၂၀ ) ရှိပြီး ရဟတ်ယာဉ် ၁၄ စင်းတင်ဆောင်နိုင်သည့် ရဟတ်ယာဉ်တင်သင်္ဘော အီဇူမိုအား လေယာဉ်တင်သင်္ဘောအဖြစ် အသွင်ပြောင်းလဲမည်ဖြစ်ကြောင်း အစိုးရအရာရှိများကပြောဆိုခဲ့သည်။ 
ဂျပန်သည် အမေရိကန်နှင့် ချုပ်ဆိုထားသည့် မဟာမိတ်စာချုပ်အရ အနောက်ပစိဖိတ်သမုဒ္ဒရာထဲတွင် အရေးပါသောကဏ္ဍမှပါဝင်လိုပြီး အက်ဖ်-၃၅ တိုက်လေယာဉ်များအတွက် အဆင်းအတက်ပြုလုပ်ရန် မြေကျယ်ကျယ်ဝန်းဝန်းမရှိသောကြောင့် လေယာဉ်တင်သင်္ဘောသည် များစွာအသုံးဝင်မည်ဖြစ်သည်။
    လေယာဉ်တင်သင်္ဘောရှိလာသောကြောင့် ဂျပန်သည် တိုက်ခိုက်နိုင်စွမ်းမြင့်မားလာမည်ဖြစ်ပြီး ယင်းသည် နိုင်ငံတော်ကာကွယ်ရေးအတွက်သာ စစ်အင်အားကိုအသုံးပြုရမည်ဆိုသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပါဖော်ပြချက်ကို ချိုးဖောက်ရာကျနေကြောင်း ဝေဖန်မှုများလည်းရှိနေသည်။

အက်ဖ် ၁၅ လေယာဉ်များနေရာတွင် အစားထိုးရန် အက်ဖ်-၃၅  လေယာဉ် ၁၀၅ စင်းနှင့် အက်ဖ်-၃၅ ဘီ ၄၂ စင်းကိုလည်း ဝယ်ယူရန်စီစဉ်နေကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကပြောဆိုခဲ့သည်။