ပိုလန်အစိုးရက စောစီးစွာ အငြိမ်းစားပေးခဲ့သော တရားရုံးချုပ် တရားသူကြီးများကို ပြန်လည်ခန့်ထားရန် ဥရောပသမဂ္ဂက ညွှန်ကြားမှုကြောင့် ပိုလန်အစိုးရသည် လိုက်နာကာ ပြန်လည်ခန့်ထားလိုက်ရပြီဖြစ်သည်။
သမ္မတ အန်းဒရက် ဒူဒါ ဦးဆောင်သော အစိုးရသည် ယခုနှစ်ဆန်းပိုင်းတွင် တရားရုံးချုပ် တရားသူကြီးများ၏ ပင်စင်ယူရမည့် သက်တမ်းကို လျှော့ချခဲ့သဖြင့် တရားသူကြီးအများအပြား ပင်စင်သက်ကျော်နေသဖြင့် ရာထူးမှ ဆင်းခဲ့ကြရသည်။
အာဏာရ ဥပဒေနှင့် တရားမျှတမှုပါတီက ဗဟိုတရားရုံးချုပ်ကို ထိန်းချုပ် လွှမ်းမိုးရန် နိုင်ငံရေး အကွက်ရွှေ့ခြင်းဖြစ်သည်ဟု အတိုက်အခံများက ဝေဖန်ခဲ့ကြသည်။
ဥရောပသမဂ္ဂ တရားရုံးကလည်း ပိုလန်အနေဖြင့် ပင်စင်သက်တမ်း ဥပဒေကို အသက်သွင်းခြင်း ဆိုင်းငံ့ထားရမည်ဟု ဆုံးဖြတ်ခဲ့သဖြင့် အနားယူသွားရသည့် တရားသူကြီးများကို ပြန်လည်ခန့်ထားခဲ့ခြင်း ဖြစ်သည်။
အာဏာရပါတီသည် ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးတွင်လည်း တရားသူကြီးအသစ်များကို ခန့်အပ်ထားပြီဖြစ်သည်။
ထိုခုံရုံးသည် ဥပဒေများကို ဗီတိုအာဏာဖြင့် ပယ်ချခွင့်ရှိသလို၊ ပိုလန်နိုင်ငံအတွင်း ခန့်အပ်ရန် အမည်စာရင်း တင်သွင်းခံရသည့် တရားသူကြီးများကိုလည်း ပယ်ခွင့် ခန့်ခွင့် ရှိနေသည်။
အာဏာရပါတီကမူ ကွန်မြူနစ်ခေတ်က ခန့်ထားခဲ့သော တရားသူကြီးများကို တရားရေးကဏ္ဍမှ ဖယ်ထုတ်ကာ သန့်စင်ပစ်ရန် ပြုပြင်ပြောင်းလဲရေး လုပ်ခြင်းဖြစ်ကြောင်း၊ အကျိုးဆက်အဖြစ် ပိုလန် ဥပဒေကဏ္ဍသည် ပိုမိုထက်မြက် သွက်လက်လာမည်ဖြစ်ကြောင်း ဆိုထားသည်။
ဥရောပကော်မရှင်ကလည်း ပိုလန်၏ တရားဥပဒေ အခန်းကဏ္ဍ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်သည် အာဏာရပါတီလက်ထဲသို့ နိုင်ငံရေးအာဏာကုန် အပ်ရာ ရောက်နေသဖြင့် သင့်လျော်မှု မရှိကြောင်း ဝေဖန်ထားသည်။

















