တံခါးပိတ်သော့ခတ်ထားသည့် နေအိမ်အတွင်းဝင်ရောက်၍ ရွှေထည်များခိုးယူသူနှစ်ဦးကို ဖမ်းမိ

တံခါးပိတ်သော့ခတ်ထားသည့် နေအိမ်အတွင်းဝင်ရောက်၍ ရွှေထည်များခိုးယူသူနှစ်ဦးကို ဖမ်းမိ

ပျဉ်းမနားမြို့နယ်အတွင်း တံခါးပိတ်သော့ခတ်ထားသည့် နေအိမ်အတွင်းဝင်ရောက်ကာ ရွှေထည်ပစ္စည်း ၁၀၇ သိန်းကျော်ဖိုး ခိုးယူခဲ့သည်ဆိုသူနှစ်ဦးကို ပျဉ်းမနားမြို့မရဲစခန်းက ဒီဇင်ဘာ ၁၈ ရက်နေ့က ဖမ်းဆီး အရေးယူခဲ့သည်။

ဖြစ်စဉ်မှာ ပျဉ်းမနားမြို့နယ်နေ ဦးဇော်မင်းအောင်သည် ဒီဇင်ဘာ ၄ ရက်နေ့ ည ၈ နာရီအချိန့် တွင် ရွာ ကောက်ရပ်ကွက်ရှိ နေအိမ်ကိုသော့ပိတ်ပြီး မိသားစုများနှင့်အတူနေထိုင်သည့် ရွှေချီရပ်ကွက် ရှိ နေအိမ်ကို ညအိပ်သွားရောက်ခဲ့သည်။ 
နောက်တစ်နေ့ နံနက် ၆ နာရီအချိန်ခန့်တွင် ရွာကောက်ရပ်ကွက်နေအိမ်သို့ ပြန်ရောက်စဉ် ဗီဒိုနှစ်လုံးပွင့်နေသည်ကိုတွေ့ရပြီး ဗီဒိုအတွင်းထည့်ထားသည့် ဦးဇော်မင်းအောင်အမည်ပါ RADO စာတမ်းပါလက်ပတ်နာရီသုံးလုံး၊ ROMAR စာတမ်းပါလက်ပတ်နာရီ နှစ်လုံး၊ RABIN စာတမ်း ပါမျက်မှန်နှစ်လက်၊စုစုပေါင်း(၁၁)မျိုးနှင့် ရွှေထည် ၁၀ သားခန့်ရှိ လက်ဝတ်ရတနာမျိုးစုံ ကျပ် ၁၀၇၉၀ဝ၀ဝ ဖိုးခန့် ပျောက်ဆုံးနေသည်ဟု ဆိုသည်။ 
ဦးဇော်မင်းအောင်သည် မိမိအစီအစဉ်ဖြင့် စုံစမ်းခဲ့ပြီးနောက် ဒီဇင်ဘာ ၁၃ ရက်နေ့တွင် ပျဉ်းမနားနယ်မြေရဲစခန်းသို့ အမှုဖွင့်တိုင်ကြားခဲ့သည်။ 
ပျဉ်းမနားမြို့မရဲစခန်းက (ပ)၈၆၂/၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀ အရ စုံစမ်းခဲ့ရာ ခိုးမှုများကျူးလွန်ခဲ့ဖူးသည့် ပျဉ်းမနား ရွာကောက်ရပ်ကွက်နေ ချစ်ကို(ခ) ကျော်စွာမင်း ၊(၁၆)နှစ် နှင့် မင်းမြတ်လူ(ခ)အိုဇိုက်(၁၇)နှစ်တို့ကို ဖမ်းဆီးစစ်ဆေးခဲ့ရာမှ အမှုပေါ်ပေါက်ခဲ့သည်။ 
၄င်းတို့ နှစ်ဦး ခိုးယူခဲ့သည့် ရွှေထည်ပစ္စည်းများနှင့် အခြားပစ္စည်းများကို ရောင်းချပေါင်နှံထားသည့် နေရာများမှ သက်ဆိုင်ရာက ပြန်လည်သိမ်းဆည်းခဲ့ပြီး ဆက်လက်အရေးယူထားသည်။