ဟွာဝေးကုမ္ပဏီထုတ်နည်းပညာပစ္စည်းများသည် လုံခြုံရေးအန္တရာယ်ရှိကြောင်း ပြောဆိုနေမှုများနှင့်ပတ်သက်၍ သက်သေအထောက်အထားများထုတ်ပြရန် အမေရိကန်ပြည်ထောင်စုနှင့် အခြားနိုင်ငံအစိုးရများအား ဟွာဝေးကုမ္ပဏီဥက္ကဋ္ဌ ကန်ဟူက ဒီဇင်ဘာ ၁၈ ရက်တွင် ပြောဆိုခဲ့သည်။
ကမ္ဘာ့အကြီးဆုံး ကွန်ရက်နည်းပညာပစ္စည်းထုတ်လုပ်သည့် ကုမ္ပဏီအား အယူအဆနှင့် ပထဝီနိုင်ငံရေးအကြောင်းအရင်းခံပြီး စွပ်စွဲနေကြခြင်းဖြစ်ကြောင်း ဟူက ဟွာဝေးနည်းပညာများကုမ္ပဏီလီမိတက်၏ရုံးချုပ်၌ သတင်းထောက်များအားပြောဆိုခဲ့သည်။ သြစတြေးလျနှင့်အခြားဈေးကွက်များရှိ ဖိုက်ဂျီကွန်ရက်မှ ဟွာဝေးကို ဖယ်ထုတ်ခြင်းကြောင့် ကုန်ကျစရိတ်ကြီးမြင့်ခြင်းနှင့် တီထွင်ဖန်တီးမှုနှေးကွေးခြင်းဆိုသည့် ဆိုးကျိုးများကိုခံစားရမည်ဖြစ်ကြောင်း ဟူက သတိပေးပြောဆိုခဲ့သည်။
သြစတြေးလျနှင့် နယူးဇီလန်တို့သည် လုံခြုံရေးအကြောင်းပြချက်ဖြင့် ၎င်းတို့၏ဖိုက်ဂျီကွန်ရက်အဆင့်မြှင့်တင်မှုတွင် ဟွာဝေးကိုဖယ်ထုတ်ခဲ့သည်။ အမေရိကန်ပြည်ထောင်စုကလည်း အလားတူပိတ်ပင်ခဲ့ပြီး တရုတ်တိုင်ပေကလည်း ဟွာဝေးအပေါ် ပိတ်ပင်မှုတချို့ချမှတ်ခဲ့သည်။
ဟွာဝေးအပါအဝင် ကွန်ရက်နည်းပညာပစ္စည်းထောက်ပံ့သည့် ကုမ္ပဏီများသည် လုံခြုံရေးအတွက် အန္တရာယ်ရှိပါက ပိတ်ပင်မည်ဖြစ်ကြောင်း ဂျပန်ဆိုက်ဘာလုံခြုံရေးဌာနကပြောဆိုထားပြီးဖြစ်သည်။
တွေ့ဆုံမေးမြန်းမှုများပြုလုပ်ခဲ့သည့် ဟူသည် အမေရိကန်၊ ဥရောပနှင့် အာရှသတင်းထောက်များနှင့် နှစ်နာရီနှင့် မိနစ် ၂၀ ကြာ စကားပြောဆိုခဲ့သည်။
၁၉၈၇ ခုနှစ်တွင် စစ်အင်ဂျင်နီယာတစ်ဦးကတည်ထောင်ခဲ့သည့် ဟွာဝေးကို တရုတ်ကွန်မြူနစ်ပါတီက ချုပ်ကိုင်ထားပြီး နည်းပညာပစ္စည်းများတွင် စောင့်ကြည့်နားထောင်နိုင်သည့် ကိရိယာများထည့်သွင်းထားသည်ဆိုသည့် စွပ်စွဲချက်များကို ပယ်ချခဲ့သည်။
သို့သော် တရုတ်ကုမ္ပဏီများသည် ထောက်လှမ်းရေးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း တရုတ်ဥပဒေများတွင်ဖော်ပြထားသည်။

















