မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်ဖျက်သိမ်းရေး ပြုံယမ်းနှင့်ဝါရှင်တန်အကြား ဆွေးနွေးမှုများ ရပ်ဆိုင်းနေစဉ် မြောက်ကိုရီးယားဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် စတီဖန်ဘီဂန်သည် တောင်ကိုရီးယားသို့ ဒီဇင်ဘာ ၁၉ ရက်၌ သွားရောက်လည်ပတ်ခဲ့သည်။
ဘီဂန်သည် တောင်ကိုရီးယားတွင် လေးရက်ကြာနေထိုင်လည်ပတ်မည်ဖြစ်သည်။ ဇွန်လက စင်ကာပူတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ပထမဆုံးအကြိမ်တွေ့ဆုံခဲ့စဉ် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က နျူကလီးယားဖျက်သိမ်းရေး ရှေးရှုဆောင်ရွက်ရန် ကတိပြုခဲ့ပြီး ယင်းနောက်တွင် နှစ်ဘက်အကြား တိုးတက်မှု အနည်းငယ်သာ ရရှိခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုနှင့် မြောက်ကိုရီးယားအာဏာရ အလုပ်သမားပါတီ ဗဟိုကော်မတီ ဒုတိယဥက္ကဌ ကင်ယွန်ချိုလ်တို့ နိုဝင်ဘာ၌တွေ့ဆုံရန် ရှိခဲ့ခြင်းကို ဖျက်သိမ်းခဲ့ပြီး ယခုပြန်လည်တွေ့ဆုံရန် ရှိနေသည်။
ဇန်နဝါရီ သို့မဟုတ် ဖေဖော်ဝါရီ၌ ကင်ဂျုံအွန်နှင့် ဒုတိယအကြိမ်တွေ့ဆုံရန်ရှိကြောင်း သမ္မတထရမ့်က ပြောဆိုထားသည်။
ဝါရှင်တန်နှင့်ပြုံယမ်းအကြားစေ့စပ်မှု ဆိုင်းငံ့နေခြင်းသည် ကိုရီးယားနှစ်နိုင်ငံဆက်ဆံရေးကိုလည်း ရိုက်ခတ်ခဲ့သည်။ တောင်ကိုရီးယား၏ ယခုလ၌ ဆိုးလ်သို့ ကင်ဂျုံအွန်လာရောက်ရန်နှင့် စက်တင်ဘာ၌ ပြုံယမ်းသို့ သမ္မတမွန်းဂျေအင်း သွားရောက်ရန် စီစဉ်မှုကို မြောက်ကိုရီးယားဘက်မှ မတုံ့ပြန်သေးချေ။
အမေရိကန်ကိုယ်စားလှယ် ဘီဂန်နှင့် ဒီဇင်ဘာ ၂၁ ရက်၌ တွေ့ဆုံမည့် တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီး ချိုမြောင်ဂွန်က ဖေဖော်ဝါရီနှင့် မတ်အကြားတွင် နျူကလီးယားအရေးဆွေးနွေးမှုများ အပြင်းအထန်ပြုလုပ်ကြမည့် ကာလဖြစ်မည်ဟုပြောဆိုခဲ့သည်။
ဘီဂန်နှင့်ချိုတို့သည် နျူကင်းစင်ရေးတိုးတက်မှုနှေးကွေးနေစဉ် ဆိုးလ်၏ ပြုံယမ်းနှင့်ဆက်ဆံမှု လျင်မြန်စွာ တိုးတက်နေခြင်းအား အမေရိကန်၏စိုးရိမ်မှုကိုလည်း ထည့်သွင်းဆွေးနွေးရန် မျှော်လင့်ရသည်။
သမ္မတထရမ့်၏ ဆက်လက်ညှိနှိုင်းဆွေးနွေးလိုသည့်ဆန္ဒကို အသိအမှတ်ပြုကြောင်း၊ သို့သော် ပိတ်ဆို့မှုအသစ်များ ဆက်လက်ချမှတ်ခြင်းဖြင့် အမေရိကန် နိုင်ငံခြားရေးဌာနသည် မြောက်ကိုရီးယားနှင့် အမေရိကန်ဆက်ဆံရေးကို နောက်ပြန်ဆွဲနေကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာက စွပ်စွဲခဲ့သည်။
ဘီဂန်သည် တောင်ကိုရီးယားကိုယ်စားလှယ် လီဒိုဟွန်းနှင့် ဒီဇင်ဘာ ၂၀ ရက်(ယနေ့)၌ တွေ့ဆုံမည်ဖြစ်ပြီး ၂၁ ရက်၌လည်း မြောက်ကိုရီးယားမူဝါဒအရေး တောင်ကိုရီးယားနှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းအဖွဲ့အစည်းအဝေး ဆက်လက်ကျင်းပမည် ဖြစ်သည်။

















