ကျူးဘားနိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကိုရေးဆွဲရန်တာဝန်ယူထားသည့် ကော်မရှင်သည် ဥပဒေပါ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာအပိုဒ်ကို ဖျက်သိမ်းလိုက်ပြီဖြစ်သည်။
ဇူလိုင်တွင် ထုတ်ပြန်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပထမဆုံးမူကြမ်းပါ ပုဒ်မ ၆၈ ၌ လက်ထပ်ထိမ်းမြားခြင်းဆိုသည်မှာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကြားထက် လူတစ်ဦးနှင့် တစ်ဦးကြား အကြောင်းဆက်ပေါင်းဖက်ခြင်းသာဖြစ်ကြောင်း ဖော်ပြထားသည်။
လာမည့်နှစ် အစောပိုင်းတွင် ဥပဒေ နောက်ဆုံးမူကြမ်းနှင့်ပတ်သက်၍ ပြည်သူ့ဆန္ဒခံယူပွဲကျင်းပမည်ဖြစ်ရာ ယင်းပုဒ်မကိုထည့်သွင်းမှုကြောင့် ဥပဒေတစ်ခုလုံးအတည်ပြုလို့မရအောင် လုပ်ဆောင်မည်ဖြစ်ကြောင်း ဧဝံဂလိဘုရားကျောင်းများက ခြိမ်းခြောက်ထားသည်။
လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာကိစ္စသည် မိသားစုဆိုင်ရာဥပဒေနှင့်ဆိုင်သောကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို အတည်ပြုပြီးမှသာ ဆက်လက်စဉ်းစားမည်ဖြစ်ကြောင်း ကော်မရှင်က အမျိုးလွှတ်တော်သို့ ဒီဇင်ဘာ ၁၈ ရက်တွင် ပြောဆိုခဲ့သည်။ အမျိုးသားလွှတ်တော်သည် ဥပဒေ နောက်ဆုံးမူကြမ်းနှင့်ပတ်သက်၍ ယခုအပတ်အတွင်း မဲခွဲဆုံးဖြတ်မည်ဖြစ်သည်။
အတွေးအမြင်အားလုံးကိုလေးစားသောအားဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းတွင် လက်ထပ်ခြင်းဆိုင်ရာကိစ္စကို ဖယ်ရှားရန် ကော်မရှင်က အဆိုပြုခဲ့ကြောင်း လွှတ်တော်က တွစ်တာ၌ ရေးသားခဲ့သည်။ ကျူးဘား၌ မကြာသေးမီနှစ်များအတွင်း ယောကျာ်းလျာ၊ မိန်းမလျာ၊ လိင်နှစ်မျိုးလုံးနှစ်သက်သူနှင့် လိင်ပြောင်းများ( LGBT) အရေးနှင့်ပတ်သက်၍ တိုးတက်မှုများရှိလာပြီး ကျူးဘားနိုင်ငံသားလူငယ်များနှင့် LGBT အရေးလှုပ်ရှားသူများက ပုဒ်မ ၆၈ ကိုကြိုဆိုခဲ့ကြသည်။
သြဂုတ်မှ နိုဝင်ဘာအတွင်း ကျူးဘားနိုင်ငံသား ၁၁ ဒသမ ၂ သန်းအနက် ၉ သန်းနီးပါးသည် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းနှင့်ပတ်သက်၍ အတွေးအမြင်ဖော်ပြမှု ရပ်ကွက်အဆင့် အစည်းအဝေး ၁၃၀ဝ၀ဝ ကျော်ကို တက်ရောက်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းမီဒီယာ ကျူးဘားဒီဘိတ်က ဒီဇင်ဘာ ၁၈ ရက်တွင်ဖော်ပြခဲ့သည်။

















