ဥရောပသမဂ္ဂ သံတမန်များ၏ ဆက်သွယ်ရေးစနစ်အတွင်းသို့ ဟက်ကာများ ဝင်ရောက်ကာ အချက်အလက်များစွာကို နှစ်အတော်ကြာကြာ ကြားဖြတ်ရယူခဲ့ကြောင်း နယူးယောက်တိုင်းမ် သတင်းစာက ရေးသားဖော်ပြလိုက်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အကြောင်းမှသည် ရာသီဥတုပြောင်းလဲမှုအရေးထိ သံတမန်များချင်း ဆက်သွယ်ပြောဆိုမှုများကို ဟက်ကာများက ကြားဖြတ်ရယူခဲ့ကြကြောင်း သိရသည်။
ဥရောပသမဂ္ဂ သံတမန်ရပ်ဝန်း ဆိုက်ဘာလုံခြုံရေး ကျိုးပေါက်နေမှုကို ဆိုင်ဘာလုံခြုံရေးကုမ္ပဏီ ဧရိယာ ၁ က ဖော်ထုတ်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
သုံးနှစ်နီးပါး ဟက်ကာ တိုက်ခိုက်ခံနေရသည့် ဖြစ်စဉ်တွင် ထိပ်တန်းလျှို့ဝှက်အချက်အလက်များမူကား ဟက်ကာများလက်သို့ ရောက်ရှိခဲ့ခြင်းမရှိကြောင်း ဥရောပသမဂ္ဂ တာဝန်ရှိသူများက ပြောသည်။
ဟက်ကာများ ကြားဖြတ်ရယူပြီးနောက် ပေါက်ကြားလာသော အချက်အလက်များထဲတွင် ယခုနှစ် ဇူလိုင်လက သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ တွေ့ဆုံပွဲကို သံတမန်များက “ပူတင်အတွက် အောင်ပွဲ” ဟု ထေ့ငေါ့ ခေါ်ဝေါ်ကြသည့် အချက်လည်း ပါဝင်သည်။
ဟက်ကာများလက်သို့ ပါသွားသော အချက်အလက်များထဲတွင် ယခုနှစ်ဆန်းပိုင်းက တရုတ်သမ္မတ ရှိကျင့်ဖျင်နှင့် ဥရောပသမဂ္ဂ ကိုယ်စားလှယ်များ သီးသန့်တွေ့ဆုံခဲ့မှု အကြောင်းအရာများလည်း ပါဝင်သည်။
ထိုတွေ့ဆုံပွဲတွင် သမ္မတ ရှီက “တရုတ်အနေဖြင့် အမေရိကန် အနိုင်ကျင့်မှုကို ငြိမ်ခံမည်မဟုတ်ကြောင်း၊ ကုန်သွယ်ရေးစစ်ပွဲဖြစ်ပြီ အားလုံးအထိနာမည်ဆိုလျှင်ပင် ဂရုစိုက်မည်မဟုတ်ကြောင်း” ပြောကြားခဲ့သည်။
ထိုစကားရပ်သည် ဒီဇင်ဘာ ၁၈ တွင် သမ္မတ ရှီက “တရုတ်ပြည်သူတွေကို ဘာလုပ်ပါ၊ ဘာမလုပ်နဲ့ ဆိုတာမျိုး ဘယ်သူကမှ လာအမိန့်ပေးလို့မရဘူး” ဟု ပြောကြားခဲ့မှုနှင့်လည်း ရပ်တည်ချက်ချင်း ဆင်တူနေကြောင်း တွေ့ရသည်။

















