ဒေါ်နယ်ထရမ့်၏ ပရဟိတဖောင်ဒေးရှင်း ငွေကြေးအရှုပ်တော်ပုံများကြောင့် ပိတ်သိမ်း

ဒေါ်နယ်ထရမ့်၏ ပရဟိတဖောင်ဒေးရှင်း ငွေကြေးအရှုပ်တော်ပုံများကြောင့် ပိတ်သိမ်း

အဖွဲ့ ရန်ပုံငွေများ အလွဲသုံးစားလုပ်မှှုု စွဲချက်များနှင့် ရင်ဆိုင်နေရသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ပရဟိတ ဖောင်ဒေးရှင်းကို ပိတ်သိမ်းလိုက်ရပြီဖြစ်သည်။ 

ထရမ့် ဖောင်ဒေးရှင်းကို ပိတ်သိမ်းလိုက်ကြောင်းကို နယူးယောက်ပြည်နယ် ရှေ့နေချုပ် ဘာဘရာ အန်ဒါဝုဒ်က ထုတ်ပြန်ကြေညာခဲ့ပြီး၊ ဖောင်ဒေးရှင်း ပိတ်သိမ်းမှု  အဆင့်ဆင့်ကိုလည်း ရှေ့နေချုပ်ရုံးက ကြီးကြပ်သွားမည်ဖြစ်သည်။ မစ္စတာ ထရမ့်၏ သားသမီး သုံးယောက်သည် ဖောင်ဒေးရှင်းကို ခုတုံးလုပ်ကာ ရန်ပုံငွေများကို ပုဂ္ဂိုလ်ရေးအတွက်နှင့် နိုင်ငံရေး အမြတ်ထုတ်ရန်အတွက် အသုံးချခဲ့ကြောင်း နယူးယောက်ပြည်နယ်ရှေ့နေချုပ် မစ္စ  အန်ဒါဝုဒ်က စွပ်စွဲခဲ့ခြင်းဖြစ်သည်။ ဖောင်ဒေးရှင်း၏  ရှေ့နေကမူ မစ္စ အန်ဒါဝုဒ်သည် နိုင်ငံရေးအမြတ်ထုတ်ရန်  ယခုအမှုကို ဆင်ခြင်းဖြစ်ကြောင်း တန်ပြန်စွပ်စွဲထားသည်။ 
ယခုအမှုသည်  သမ္မတ ထရမ့်နှင့် မိသားစု ပတ်သက်နေသော အမှုများအနက် တစ်ခုသာ ရှိသေးသည်။  ရွေးကောက်ပွဲကာလတွင် ရုရှားနှင့် ပတ်သက်ခဲ့နိုင်ခြေ ရှိမှုကြောင့်လည်း အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က သမ္မတ ထရမ့်နှင့် မိသားစုဝင်များ၊ လုပ်ဖော်ကိုင်ဖက်များကို စုံစမ်းစစ်ဆေးလျက်ရှိသည်။ 
    ဖောင်ဒေးရှင်းကို ပိတ်သိမ်းလိုက်ပြီဖြစ်သော်လည်း ရန်ပုံငွေ အလွဲသုံးစားမှုနှင့် စပ်လျဉ်းပြီး သမ္မတ ထရမ့်၊ သား ဒေါ်နယ်  ဂျူနီယာ၊ သမီး အိုင်ဗန်ကာနှင့် သား အဲရစ် တို့ကို စွဲဆိုထားသော အမှုများ  ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှေ့နေချုပ် အန်ဒါဝုဒ်က ပြောသည်။ 
    ဖောင်ဒေးရှင်း ဖျက်သိမ်းမှုကို ရှေ့နေချုပ်ရုံးက ကြီးကြပ်ကာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်သလို၊ ဖောင်ဒေးရှင်း၏ ပိုင်ဆိုင်မှုများကိုလည်း စည်းစနစ်တကျ လည်ပတ်နေသော အခြားပရဟိတအဖွဲ့များထံ ခွဲဝေပေးသွားမည်ဖြစ်သည်။