ပစိဖိတ်သမုဒ္ဒရာ တောင်ပိုင်းရှိ ဗန်နူယာတူ ကျွန်းနိုင်ငံ ဝေးလံခေါင်သီ ဒေသသို့ ဒရုန်းယာဉ်ပျံဖြင့် ဆေးဝါးများ စမ်းသပ်ပေးပို့ကာ ကလေးများကို ကာကွယ်ဆေး ထိုးနှံပေးမှု အောင်မြင်ပြီဖြစ်သည်။
ယူနီဆက်ဖ်က စီးပွားဖြစ် ဒရုန်းလုပ်ငန်းတစ်ခုနှင့် ပူးပေါင်းကာ ဗန်နူယာတူ၏ တောင်ထူထပ်သော အစွန်အဖျားဒေသသို့ ဒရုန်းဖြင့် ဆေးဝါးများ စမ်းသပ်ပေးပို့ခဲ့ခြင်းဖြစ်သည်။
ခရီးသည် ၂၅ မိုင်ဝေးပြီး ယခင်က ခြေကျင်တစ်ဖုံ၊ လှေဖြင့်တစ်မျိုးသွားရကာ နာရီများစွာ ကြာမြင့်သော်လည်း ဒရုန်းနှင့်မူကား ၂၅ မိနစ်သာ ကြာမြင့်သည်။
ဗန်နူယာတူတွင် သွားလာရေး အခက်အခဲကြောင့် ကလေး ၂၀ ရာခိုင်နှုန်းသည် ကာကွယ်ဆေး လုံလုံလောက်လောက် ထိုးနှံမခံရကြောင်းလည်း တွေ့ရသည်။ အနာဂတ်တွင် သွားလာရေး ခက်ခဲသော အစွန်အဖျားဒေသများသို့ ဒရုန်းဖြင့် ပစ္စည်းများ ပေးပို့နိုင်ရန် ယူနီဆက်ဖ်က စီစဉ်လျက်ရှိသည်။
“ဒီနေ့မှာတော့ ဒရုန်းအတွက် ခရီးတိုပျံသန်းမှုဆိုပေမယ့်၊ ကမ္ဘာ့ကျန်းမာရေးအတွက်တော့ ရှေ့အများကြီး ခုန်ပျံတိုးတက်မှုပါပဲ” ဟု ယူနီဆက်ဖ်မှ အမှုဆောင်အရာရှိချုပ် ဟန်ရစ်တာဖိုးက ပြောသည်။
ဒရုန်းသည် ဗန်နူယာတူရှိ ဒီလွန် ပင်လယ်အော်ကျွန်းမှ အာရိုမန်ဂိုကျွန်းသို့ ပျံသန်းခြင်းဖြစ်ပြီး ဆေးများကို အပူချိန်ထိန်းပေးနိုင်သည့် မိုးကာသား သေတ္တာအတွင်းထည့်သယ်သွားခြင်းဖြစ်သည်။
ဒရုန်းဖြင့် သယ်လာသော ကာကွယ်ဆေးများကို ကျွန်းပေါ်ရှိ သူနာပြု မီရီရမ် နမ်ပီလ်က တာဝန်ယူကာ ကလေး ၁၂ ဦး၊ ကိုယ်ဝန်ဆောင် ငါးဦးကို ထိုးနှံပေးခဲ့သည်။
ဗန်နူယာတူတွင် ဝေးလံဒေသများသို့ ဒရုန်းဖြင့် ဆေးဝါးပေးပို့ရန်အတွက် ယူနီဆက်ဖ်သည် စီးပွားဖြစ် ဒရုန်းကုမ္ပဏီများကို ချိတ်ဆက်ကာ စီမံကိန်းအတွက် ယှဉ်ပြိုင်စေခဲ့ရာ သြစတြေးလျမှ Swoop Aero ကုမ္ပဏီက အောင်နိုင်ခဲ့ပြီး လက်တွေ့ဆောင်ရွက်ခွင့် ရရှိခြင်းလည်း ဖြစ်သည်။

















