မြိတ်မြို့ ရှိ ဧရာဝတီဘဏ်ခွဲ ၁ သို့ ကျပ် ၁၀ သိန်း လာလွှဲသူထံမှ ကျပ် ၁၀၀၀၀ တန်အတု အရွက် ၅၀ သိမ်းဆည်းရမိခဲ့ပြီး သက်ဆိုင်ရာက ဒီဇင်ဘာ ၁၈ ရက်၌ အမှုဖွင့်အရေးယူခဲ့ကြောင်းသိရသည်။
ငွေစက္ကူ အတုများနှင့်အတူ ဖမ်းဆီးရမိသူမှာ မြိတ်မြို့ ရှမ်းချောင်းရပ်ကွက်နေ ဦးစောဝင်းနိုင် ၆၃ နှစ်ဆိုသူဖြစ်ပြီး ၎င်းကဧရာဝတီ ဘဏ်ခွဲ (၁)သို့ ငွေစက္ကူ ၁၀၀၀၀ တန်များဖြင့် ငွေလာရောက် လွှဲစဉ် ဘဏ်ဝန်ထမ်းများက စစ်ဆေးခဲ့ရာမှ အရွက် ၅၀ မှာ ငွေစက္ကူအတုများ ဖြစ်နေကြောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါငွေများ နှင့်ပတ်သက်၍ ဦးစောဝင်းနိုင် ကိုစစ်မေးခဲ့ရာ ၎င်းက လွန်ခဲ့သော ၂ လခန့်က ကား ၁ စီးဝယ်ယူခဲ့ပြီး ကျန်သည့် ကျပ် ၁၀ သိန်းကို လှိုင်သာယာမြို့နယ်နေ ကားပွဲစားနှင့် အငှားယာဉ်မောင်းနှင်သူ ဦးမင်းမင်းဇော်(စီစစ်ဆဲ) ၏ဘဏ်အကောင့်သို့ လွှဲအပ်စဉ်သက်ဆိုင်ရာက သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
မြိတ်မြို့မရဲစခန်းက ( ပ) ၂၀၂၂/ ၁၈၊ မြန်မာနိုင်ငံ ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅/ ၁၀၆ အရအမှုဖွင့်အရေးယူထားသည်။

















