၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် အစိုးရအဖွဲ့နှင့် နိုင်ငံရေးဆိုင်ရာ ထူးခြားဖြစ်စဉ်များကို သတင်းထောက် နော်ဘက်တီဟန်က စုစည်းတင်ပြသည်။
ဇန်နဝါရီ ၂ - ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဘဟိန်းသည် ရာထူးမှ နုတ်ထွက်ခွင့်ပြုပါရန် သမ္မတရုံးသို့ စာတင်ခဲ့သည်။
ဇန်နဝါရီ ၅ - မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီးဦးစိုးမြင့်နှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးနေမျိုးကျော်တို့ အစိုးရအဖွဲ့မှ တစ်ပြိုင်နက် နုတ်ထွက်စာတင်ခဲ့ကြသည်။
ဇန်နဝါရီ ၉ - ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမန်းဂျော်နီကို တာဝန်မှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း သမ္မတရုံးက ထုတ်ပြန်ကြေညာခဲ့သည်။
ဇန်နဝါရီ ၁၀ - ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောဝန်ကြီး ဦးမင်းစံနှင့် စည်ပင်ဝန်ကြီး ဦးမောင်မောင်လွင်တို့ တာဝန်မှ တစ်ပြိုင်နက် နုတ်ထွက်စာတင်ခဲ့သည်။
ဇန်နဝါရီ ၁၈ - မြန်အောင်မြို့မဲဆန္ဒနယ်အမှတ် (၁) မှ ဦးလှမိုးအောင် ဧရာ-ဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဖြစ်လာသည်။
ဇန်နဝါရီ ၁၉ - ရခိုင်ပြည်နယ် စည်ပင်ဝန်ကြီးဦးမင်းအောင်ကို ဆက်လက်တာဝန်ထမ်းဆောင်ရန်မသင့်ကြောင်း ပြည်နယ်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ပြီးနောက် ဇန်နဝါရီ ၁၉ ရက်တွင် ၎င်းအား တာဝန်မှရပ်စဲကြောင်း သမ္မတ၏အမိန့်စာထုတ်ပြန်ခဲ့သည်။
မတ် ၁၀ - ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ကျေးရွာအနီးတွင် ဘင်္ဂါလီ ၁၀ ဦးအသတ်ခံရခြင်းနှင့်ပတ်သက်ပြီး တပ်မတော်အရာရှိနှင့် စစ်သည် စုစုပေါင်း ခုနစ်ဦးကို ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။ အရာရှိလေးဦးကို အမြဲတမ်းထုတ်ပစ်ရန်နှင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်ကို နယ်ဘက် အကျဉ်းထောင်တွင် ကျခံစေရန်၊ အခြားစစ်သည် သုံးဦးကို တပ်သားအဆင့်လျှော့ချကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်ကို နယ်ဘက်အကျဉ်းထောင်တွင် ကျခံစေရန် အသီးသီးအပြစ်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
မတ် ၂၁ - သမ္မတ ဦးထင်ကျော် ရာထူးမှနုတ်ထွက်ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။
မတ် ၂၈ - ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ကို နိုင်ငံတော်သမ္မတအဖြစ် ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။
ဧပြီ ၁၁ - လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာအတွက် နိုဝင်ဘာ ၃ ရက်တွင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာခဲ့သည်။ ကြားဖြတ်ရွေးကောက်ပွဲကာလ အသုံးစရိတ်အဖြစ် ငွေကျပ် သန်းပေါင်း ၁,၆၀ဝ ကို ပြည်ထောင်စုလွှတ်တော်က ခွင့်ပြုပေးပြီးဖြစ်ကြောင်း အတည်ပြုခဲ့သည်။
မေ ၂၅ - နိုင်ငံတော်သမ္မတရုံးက စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းကို ၎င်း၏ သဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း ကြေညာခဲ့သည်။
မေ ၃၁ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုစီးပွားရေးတာဝန်ခံ ဦးစိုးဝင်းကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် နိုင်ငံတော် သမ္မတ၏ အဆိုပြုချက်ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။
ဇွန် ၂၇ - မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေနိုင်သည့် ဆေးဝါးအန္တရာယ်တားဆီးကာကွယ်နှိမ်နင်းရေးအတွက် ပြည်သူလူထုထံမှ သတင်းအချက်အလက်များကို စနစ်တကျ လက်ခံနိုင်ရန် မူးယစ်ဆေးဝါးအထူးသတင်းတိုင်ကြားရေးဌာနကို ဖွဲ့စည်းခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ကြေညာခဲ့သည်။
ဇူလိုင် ၂၅ - ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွက် စစ်ဆင်ရေးအသုံးစရိတ် ငါးဘီလျံကျော်အပါအဝင် အသုံးစားရိတ် ကျပ်ဘီလျံ ၃ç၂၀ဝ ကျော်ကို ကာကွယ်ရေးဝန်ကြီးဌာနက ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် တောင်းခံခဲ့သည်။
သြဂုတ် ၂၆ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစာမျက်နှာအပါအဝင် တပ်မတော်နှင့် ဆက်စပ်နေသည့် အကောင့် ၁၈ ခုနှင့် သတင်းစာမျက်နှာ ၁၅ ခုတို့ကို င်္ခေနဘသသု က ပိတ်သိမ်းလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ မြန်မာနိုင်ငံအတွင်း လူမျိုးရေး၊ ဘာသာရေးတင်းမာမှုများ မြင့်တက်လာအောင် င်္ခေနဘသသု ၏ ဝန်ဆောင်မှုများ အသုံးချပြီး ပြုလုပ်နေခြင်းမျိုးကို မလိုလားခြင်းကြောင့် ပိတ်ပင်မှုများ ပြုလုပ်ခဲ့ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စက်တင်ဘာ ၃ - မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ) ဖြင့် တရားစွဲဆိုခံထားရသည့် ရိုက်တာသတင်းထောက် ဝလုံးနှင့် ကျော်စိုးဦးတို့ကို ထောင်ဒဏ် ခုနစ်နှစ်ကျခံစေရန် ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့သည်။
စက်တင်ဘာ ၁၁ - မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ ပြင်ဆင်သည့် ဥပဒေကို ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းခဲ့သည်။ တစ်နိုင်ငံလုံးရှိ အသုံးပြုနေသော မြေလွတ်မြေလပ်နှင့် မြေရိုင်းများနှင့်ပတ်သက်ပြီး ဥပဒေပြဋ္ဌာန်းသည်မှစ၍ ခြောက်လအတွင်း ဗဟိုကော်မတီသို့ အသုံးပြုခွင့် လျှောက်ထားရမည်ဖြစ်ပြီး ဖောက်ဖျက်ပါက မြေများကို သိမ်းဆည်းမည့်အပြင် နှစ်နှစ်ထက်မများသော ထောင်ဒဏ် သို့မဟုတ် ငါးသိန်းထက်မပိုသော ငွေဒဏ်၊ သို့မဟုတ် ဒဏ်နှစ်ရပ်စလုံးချမှတ်နိုင်သည်ဟု ဥပဒေတွင် ပြင်ဆင်ပြဋ္ဌာန်းခဲ့သည်။
နိုဝင်ဘာ ၃ - အင်န်အယ်လ်ဒီအစိုးရလက်ထက်တွင် ဒုတိယအကြိမ် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခဲ့သည်။ ပြည်သူ့လွှတ်တော် လစ်လပ်မဲဆန္ဒနယ် လေးနေရာ၊ အမျိုးသားလွှတ်တော် တစ်နေရာနှင့် တိုင်းဒေသကြီးလွှတ်တော်ရှစ်နေရာတို့အတွက် ကျင်းပခဲ့ခြင်းဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ခုနစ်နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက သုံးနေရာ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက တစ်နေရာ၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီက တစ်နေရာနှင့် တစ်သီးပုဂ္ဂလ တစ်နေရာ အနိုင်ရခဲ့ကြသည်။
နိုဝင်ဘာ ၁၂ - ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ပြီး ၂၅ ခုမြောက် ဝန်ကြီးဌာန ဖြစ်လာသည်။
နိုဝင်ဘာ ၁၉ - ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်လိုက်သည်။
နိုဝင်ဘာ ၂၉ - သမ္မတရုံး ဒုတိယဝန်ကြီး ဦးမင်းသူ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ပြည်ထောင်စုဝန်ကြီးဖြစ်လာသည်။
ဒီဇင်ဘာ ၁၀ မှ ၁၄ - အိန္ဒိယသမ္မတ ရှရီ ရမ်နတ်သ် ကိုဗင့်ဒ် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ချစ်ကြည်ရေးခရီး လာရောက်လည်ပတ်ခဲ့သည်။
















