ဆီးရီးယားမှ   အမေရိကန်တပ်များ အလျင်အမြန်   ပြန်လည်ရုပ်သိမ်းရန်စီစဉ်

ဆီးရီးယားမှ   အမေရိကန်တပ်များ အလျင်အမြန်   ပြန်လည်ရုပ်သိမ်းရန်စီစဉ်

ဆီးရီးယားမှ အမေရိကန်တပ်များ အပြည့်အဝနှင့် အလျင်အမြန် ပြန်လည်ရုပ်သိမ်းရန် စီစဉ်နေပြီဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဌာနမှအရာရှိတစ်ဦးကိုကိုးကား၍ စီအင်န်အင်န် က ဖော်ပြခဲ့သည်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဆီးရီးယားတွင် အိုင်အက်စ်အကြမ်း ဖက်အုပ်စုသည် ပြိုကွဲသွားပြီဖြစ်ပြီး မိမိသမ္မတသက်တမ်း၌ ဆီးရီးယားတွင် အမေရိကန်တို့ ရှိနေရသည့်တစ်ခုတည်းသော အကြောင်းရင်းသည် အိုင်အက်စ်အုပ်စုကြောင့်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၉ ရက်က တွစ်တာလူမှုကွန်ရက်ပေါ်တွင် ဖော်ပြခဲ့သည်။

အမေရိကန်တပ်အင်အား ၂၀ဝ၀ ခန့်သည် ဆီးရီးယားအရှေ့မြောက်ပိုင်း၌ အိုင်အက်စ် တို့အား စစ်ဆင်ရာတွင်ကူညီနေကြောင်း၊ အိုင်အက်စ်တို့ စစ်ရေးပြန်လည်တည်ဆောက်မှုမပြု နိုင်ကြောင်း သေချာသည်အထိ အမေရိကန်တို့ရှိနေရမည်ဟု ဘီဘီစီသတင်းက ဖော်ပြခဲ့သည်။

ရိုက်တာသတင်းဌာနကိုလည်း အမေရိကန်အရာရှိနှစ်ဦးက တပ်များပြန်ရုပ်ရန် ဆုံးဖြတ်ချက် ချပြီးဖြစ်ကြောင်း ပြောဆိုခဲ့ပြီး အတည်ပြုချက်မှုမရရှိသေးပေ။ ဆီးရီးယားတွင်ချထားသည့် အမေရိကန်တပ်ဖွဲ့ဝင်အများစုသည် အထူးစစ်ဆင်ရေးတပ်များဖြစ်ပြီး ဆီးရီးယားဒီမိုကရက် တပ်ခေါ် အက်စ်ဒီအက်ဖ်ဟုလူသိများသည့် အာရပ်ပြောက်ကျားများနှင့် ကာ့ဒ်တိုက်ခိုက်ရေး သမားများနှင့် မဟာမိတ်ပြုထားသည်။ သို့သော် နေတိုးမဟာမိတ် တူရကီက ၎င်းနိုင်ငံအား ဆန့်ကျင်နေသည့် ကာ့ဒ်ခွဲထွက်ရေးသမားများနှင့် အက်စ်ဒီအက်ဖ်များ ဆက်စပ်ကြောင်းစွပ်စွဲ ခဲ့ပြီး တင်းမာမှုများနှင့် ရံဖန်ရံခါထိပ်တိုက်တွေ့မှုများဖြစ်ပွားခဲ့သည်။

ဆီးရီးယားမှ အမေရိကန် တပ်များ အပြည့်အဝရုပ်သိမ်းလိုက်သည့်တိုင် အီရတ်နယ်စပ်တစ်လျှောက် အင်အား ၅၂၀ဝ အပါအဝင် ဒေသတွင်း အမေရိကန်စစ်အင်အားမှာ အတော်အတန်ကျန်ရှိနေဦးမည်ဟုလည်း ရိုက်တာက ဖော်ပြခဲ့သည်။