တိုကျို-ဂျပန်နိုင်ငံသည် ယင်း၏ ပထမဆုံး လေယာဉ်တင်သင်္ဘောအတွက် အစီအစဉ်များထားရှိကာ လာမည့်နှစ်များအတွင်း ကာကွယ်ရေးအသုံးစရိတ်နှင့် စစ်လက်နက်ကိရိယာများအတွက် ပိုမိုသုံးစွဲရန် စီစဉ်ထားသည်ဟု ဒီဇင်ဘာ ၁၈ ရက်က အတည်ပြုခဲ့သည့် ကာကွယ်ရေးလမ်းညွှန်ချက် အသစ်တွင်ပါရှိသည်။
ထိုလမ်းညွှန်ချက်တွင် မြောက်ကိုရီးယား၊ တရုတ်နှင့် အခြားနိုင်ငံများက ခြိမ်းခြောက်မည့် အလားအလာကို တန်ပြန်ရန်လိုအပ်သည်ဟုလည်း ဖော်ပြထားသည်။
လက်ရှိတွင် ရဟတ်ယာဉ် သယ်ဆောင်နိုင်သည့်သင်္ဘောကို ရေဒါဖြင့်ဖမ်းယူမရသည့် ဈေးကြီးသည့် အမေရိကန်လုပ် အက်ဖ် ၃၅ ဘီ တိုက်လေယာဉ် ၄၂ စင်းသယ်ဆောင်နိုင်မည့် သင်္ဘောအဖြစ်သို့ အသစ်ပြင်ဆင်မွမ်းမံရန်အတွက် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ ဝန်ကြီးအဖွဲ့က ခေါ်ယူသည့် စည်းဝေးပွဲတစ်ခုတွင် အဆိုပါ ညွှန်ကြားချက်ကို အတည်ပြုခဲ့သည်။ လာမည့် ဆယ်နှစ်အတွင်း ဂျပန်က အက်ဖ် ၃၅ အက်စ် လေယာဉ် ၁၄၇ စင်း ဝယ်ယူရန်လည်း စီစဉ်ထားသည်။
အဆိုပါညွှန်ကြားချက်သည် လက်ရှိ ကာကွယ်ရေး အစီအစဉ် တစ်ဝက်တစ်ပျက်တွင် အစာထိုးရန်ဖြစ်ပြီး အာဘေးက ဂျပန်နိုင်ငံ၏ စစ်ရေးအခန်းကဏ္ဍနှင့် စွမ်းဆောင်မှုကို တိုးချဲ့ကာ အာဘေး၏ စကားလုံးအရ ဂျပန်နိုင်ငံကို ပုံမှန်နိုင်ငံတစ်နိုင်ငံပြုလုပ်ရန် ၎င်း၏ တိုက်တွန်းမှုကို ထင်ရှားပေါ်လွင်စေသည်။ ဝန်ကြီးချုပ်အာဘေးသည် ဂျပန်နိုင်ငံရှိ အမေရိကန် မူကြမ်းရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်ကို စွန့်လွှတ်ရမည်ဆိုသည်ကို ပြင်ဆင်ရန် ယခင်ကတည်းက လိုလားခဲ့သည်။
မြောက်ကိုရီးယားနှင့် တရုတ်တို့၏ ခြိမ်းခြောက်မှုများနှင့် ဒေသတွင်းလုံခြုံရေးအနေအထား ပြောင်းလဲမှုတို့ကို ကိုင်တွယ်ဖြေရှင်းရန် ဂျပန်နိုင်ငံသည် ဒုံးကျည်ကာကွယ်ရေးနှင့် တိုက်လေယာဉ်စွမ်းပကားများကို တိုးမြှင့်ရန် လိုအပ်သည်ဟု ဂျပန်ကာကွယ်ရေး တာဝန်ရှိသူများက ပြောကြားသည်။ ကာကွယ်ရေးညွှန်ကြားချက် အသစ်အရ ဂျပန်နိုင်ငံသည် ရန်သူပစ်မှတ်များကိုပစ်နိုင်ရန် ရည်ရွယ်ထုတ်လုပ်ထားသည့် သင်္ဘောပစ်ဒုံးကျည်များကို ပိုင်ဆိုင်ရန် စီစဉ်ထားရာ ယင်းသည် ဂျပန်နိုင်ငံ၏ ငြိမ်းချမ်းရေး လိုလားသည့်မူဝါဒကို ကျော်လွန်နေသည်ဟု ပြိုင်ဘက်နိုင်ငံများက ပြောကြားသည်။
ငါးနှစ်တာ ကာကွယ်ရေး အသုံးစရိတ်ကို ၂၀၁၉ ခုနှစ်မှစ၍ ယန်း ၂၇ ထရီလျံ (ဒေါ်လာဘီလျံ ၂၄၀) သုံးစွဲရန်လည်း ဝန်ကြီးအဖွဲ့က သဘောတူညီခဲ့ရာ ယခင်ငါးနှစ်တာ ကာလကထက် ယန်း ၂ ထရီလျံ ပိုမိုသုံးစွဲခြင်းဖြစ်သည်။

















