ကွာလာလမ်ပူ (မလေးရှား)-မလေးရှား ဖွံ့ဖြိုးရေးရန်ပုံငွေအဖွဲ့ (၁ အမ်ဒီဘီ) ၏ အမေရိကန်ဒေါ်လာ ဘီလျံပေါင်းများစွာ အလွဲသုံးစားလုပ်မှုတွင် ပါဝင်ခဲ့သော နယူးယော့ခ်မြို့အခြေစိုက် ကမ္ဘာကျော် ဂိုးလ်မင်းဆက်စ် ဘဏ္ဍာရေးဝန်ဆောင်မှုကုမ္ပဏီနှင့် ကုမ္ပဏီဝန်ထမ်းဟောင်းနှစ်ဦးကို မလေးရှား အစိုးရက ဒီဇင်ဘာ ၁၇ ရက်တွင် တရားစွဲဆိုခဲ့သည်။
ရင်နှီးမြှုပ်နှံသူများကို မှားယွင်းသော ငွေစာရင်းရှင်းတမ်းများတင်ပြရာတွင် ပါဝင်ခဲ့သည့်အပြင် လုံခြုံရေးဥပဒေများကို ချိုးဖောက်ခဲ့မှုအတွက် ဂိုးလ်မင်းဆက်စ် ကုမ္ပဏီက ဒဏ်ကြေးငွေ အမေရိကန်ဒေါ်လာ ဘီလျံနှင့်ချီ၍ ပေးဆောင်ရန် အစိုးရက ကြိုးပမ်းလျက်ရှိသည်ဟု ရှေ့နေချုပ် တွမ်မီ တောမက်စ်က ပြောကြားခဲ့သည်။ ထို့ပြင် ဂိုးလ်မင်းဆက်စ် ကုမ္ပဏီ အလုပ်အမှုဆောင်ဟောင်းနှစ်ဦဖြစ်သည့် ရော်ဂျာ နိုင်ချောင်ဟွာနှင့် တင်မ် လက်စ်နာတို့ကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်မည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်၏ လုပ်ဖော်ကိုင်ဖက်များအတွက် မလေးရှား စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အရှိန်မြှင့်ဆောင်ရွက်ရန် အကြောင်းပြ၍ တည်ထောင်ထားသော ရန်ပုံငွေမှ နှစ်အတော်ကြာ အမေရိကန်ဒေါ်လာ ဘီလျံပေါင်းများစွာ အလွဲသုံးစားလုပ်နိုင်ရန် ဂိုးလ်မင်းဆက်စ် ကုမ္ပဏီက ငွေစုစာချုပ် ရောင်းချရာတွင် ကြားဝင်ဆောင်ရွက်ပေးခဲ့သည့် စွဲချက်ဖြင့် မလေးရှားနှင့် အမေရိကန် အစိုးရရှေ့နေတို့က စွဲချက်တင်ထားသည်။
ဆာရာဝက် အစီရင်ခံစာနှင့် ဝေါလ်စထရိသတင်း ဂျာနယ်တို့၏ ဖော်ထုတ်ရေးသားချက်အရ နာဂျစ်နှင့် ၎င်း၏ အာဏာရညွန့်ပေါင်းအဖွဲ့ ၂၀၁၈ ခုနှစ် အစောပိုင်းတွင်ပြုလုပ်ခဲ့သော ရွေးကောက်ပွဲ ရှုံးနိမ့်မှု၏ အကျိုးဆက်အဖြစ် အဆိုပါ အရှုပ်အထွေး ပေါ်ပေါက်လာခြင်းဖြစ်သည်။ နာဂျစ် ကိုယ်တိုင်လည်း အကျင့်ပျက်ခြစားမှုဖြင့် တရားစွဲဆိုခံထားရသည်။
ဆော်ဒီ တော်ဝင်မိသားစုထံမှ နိုင်ငံရေးဆိုင်ရာ လှူဒါန်းမှုဖြစ်သော အမေရိကန်ဒေါ်လာ သန်း ၇၀ဝ ကျော်ကို ၎င်း၏ ဘဏ်ငွေစုစာရင်းထဲသို့ ထည့်သွင်းခဲ့ကြောင်း နာဂျစ်က ဝန်ခံပြောကြားခဲ့သော်လည်း ၎င်း ငွေကြေးပမာဏမှာ နာဂျစ် အကြီးအကဲအဖြစ် တာဝန်ယူ လုပ်ကိုင်ခဲ့သော ၁ အမ်ဒီဘီကဖြစ်ကြောင်း အမေရိကန် အစိုးရရှေ့နေများက ပြောကြားခဲ့သည်။
အဆိုပါ ငွေကြေးတို့ကို ဟောလီးဝုဒ် ရုပ်ရှင်များတွင် ဘဏ္ဍာရေး ထောက်ပံ့ခဲ့ပြီး နာဂျစ်ဇနီးအတွက် စိန် လက်ဝတ်လက်စားအပါအဝင် ရွက်လှေ၊ ပန်းချီကားများကဲ့သို့ ဇိမ်ခံပစ္စည်းများတွင် သုံးစွဲခဲ့ကြောင်း ၁ အမ်ဒီဘီ ရန်ပုံငွေဖြင့် ဝယ်ယူထားသော ပစ္စည်းများကို ပြန်လည် သိမ်းဆည်းရန် တရားရေးဌာန တရားမမှု အခန်းကဏ္ဍတွင် ပါဝင်သည့် အမေရိကန် ဥပဒေရေးရာပုံစံ တင်ပြထားသည်။
မလေးရှားနိုင်ငံ၏ ရာဇဝတ် ကျူးလွန်မှုစွဲချက်များနှင့် ပတ်သက်ပြီး မမှန်မကန် လုပ်မထားကြောင်း ဂိုးလ်မင်းဆက်စ် ဘဏ္ဍာရေးဝန်ဆောင်မှုကုမ္ပဏီက တုံ့ပြန်ထုတ်ပြန်ခဲ့သည်။ ဂိုးလ်မင်းဆက်စ် ကုမ္ပဏီ၏ ကုမ္ပဏီခွဲများက ငွေစုစာချုပ်သုံးခုမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလျံ ခိုးယူခဲ့ကြောင်း မလေးရှားရှေ့နေချုပ် တောမက်စ်က ပြောကြားခဲ့သည်။ ထို့ပြင် ငွေစုစာချုပ်များ ရောင်းချနိုင်အောင် ကြားဝင်ဆောင်ရွက်ခဲ့သည့်အတွက် ဂိုးလ်မင်းဆက်စ် ကုမ္ပဏီက ပွဲစားခအဖြစ် ဒေါ်လာ သန်း ၆၀ဝ ရရှိခဲ့သည်ဟု ၎င်းက ဆိုသည်။
၁ အမ်ဒီဘီ အရှုပ်တော်ပုံနှင့် စပ်လျဉ်း၍ အရှေ့တောင်အာရှရှိ ဂိုးလ်မင်းဆက်စ် ကုမ္ပဏီခွဲကို ဦးဆောင်ခဲ့သည့် တင်မ် လက်စ်နာက နိုဝင်ဘာလတွင် အမေရိကန်နိုင်ငံ၌ ငွေကြေး ခဝါချမှု ကျူးလွန်ခဲ့ပြီး နိုင်ငံခြား လာဘ်ပေးလာဘ်ယူဥပဒေများကို ချိုးဖောက်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။ ရော်ဂျာ နိုင်ချောင်ဟွာကို နိုဝင်ဘာလ အစောပိုင်းတွင် မလေးရှားနိုင်ငံ၌ ဖမ်းဆီးခဲ့သည်။

















