သင်္ဘောလုပ်ငန်းတွင် လေစွမ်းအင် ပေါင်းစပ်အသုံးပြု

သင်္ဘောလုပ်ငန်းတွင် လေစွမ်းအင် ပေါင်းစပ်အသုံးပြု

လန်ဒန် ” ရာသီဥတုပြောင်းလဲစေသည့် ဖန်လုံအိမ်ဓာတ်ငွေ့များ လျှော့ချရန် နိုင်ငံတကာသင်္ဘောလုပ်ငန်းသည် ဖိအားများဖြင့်ရင်ဆိုင်နေရသဖြင့် ထိုကိစ္စအတွက် အဖြေတစ်ခုမှာ လေစွမ်းအင်ကို အသုံးပြု၍ရွက်လွှင့်မောင်းနှင်ခြင်းပင် ဖြစ်သည်။

လေယာဉ်ထုတ်လုပ်သည့် အဲဘတ်စ်ကငွေကြေးပံ့ပိုးပေးထားသည့် ကုမ္ပဏီတစ်ခုအပါအဝင် ဥရောပနှင့်  အမေရိကန်နည်းပညာကုမ္ပဏီများ သည် မည်သည့်အခါမှ မကုန်ဆုံးဘဲ အခမဲ့အသုံးပြုခွင့်ရသည့် တိုက်လေစွမ်းအင်ကို ကုန်တင်သင်္ဘောများ မောင်းနှင်ရာတွင်အသုံးပြုရန် အစဉ်အလာမှ လမ်းခွဲကာ ရွက်လွှင့်မောင်းနှင်ခြင်းကို အသုံးပြုနိုင်ရေးကြိုးပမ်းနေကြသည်။

ပတ်ချာလည်နေသော တိုင်လုံးများကဲ့သို့ ပုံစံထုတ်ထားသည့် ရွက်လွှင့်ခြင်းသည်သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေသည့်လောင်စာဆီများအပေါ် မှီခိုနေရသော သင်္ဘောလုပ်ငန်းအတွက် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ထုတ်လွှတ်မှုလျှော့ချရန် ဈေးသက်သာကာ စိတ်ချရသောနည်းလမ်းဖြစ်သည်။

"ဒါက နည်းပညာအဟောင်း တစ်ခုပါ။ ကျွန်တော်တို့ရဲ့ စိတ်ကူးက ရွက်လွှင့်တာတွေ ပင်လယ်ပြင်ထဲကို တစ်ကျော့ပြန်လည်လာဖို့ပါပဲ"ဟု ဖင်လန်နိုင်ငံမှ နော့စ်ပါဝါ၏ စီအီးအို ဖြစ်သူ တူအိုမက်စ်ရီစကီက ပြောကြားသည်။ ၎င်းတို့ကုမ္ပဏီသည် သြဂုတ်လက ရေနံတင်သင်္ဘောတစ်စင်းကို ပထမဆုံးအကြိမ်အဖြစ် အဆိုပါနည်းပညာကို ထပ်မံဖြည့်စွက်ပေးလိုက်သည်။

၂၀၅၀ ပြည့်နှစ်တွင် ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုကို ၅၀ ရာခိုင်နှုန်းလျှော့ချရန် နိုင်ငံတကာ ရေကြောင်းအဖွဲ့အစည်းက ကြီးမ·းကာ ဧပြီလက သဘောတူညီချက်တစ်ခုပြုလုပ်ခဲ့ပြီးနောက် ရွက်လွှင့်နည်းပညာ ကို ရေကြောင်းကဏ္ဍက စိတ်ဝင်စားလာပြီး အခြား အတွေးအခေါ်များလည်း အလောသုံးဆယ်ဖြစ်ပေါ်လာသည်။ လေကြောင်းသွားလာမှုကဲ့သို့ပင် ရေကြောင်းသွားလာမှုသည် နိုင်ငံတစ်နိုင်ငံချင်းစီအလိုက် ၎င်းတို့၏ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုကို ထည့်တွက်ရန်ခက်ခဲသောကြောင့် ၂၀၁၅  ခုနှစ်ပါရီသဘောတူညီချက်တွင် အကျုံးမဝင်ခဲ့ပေ။ သို့သော် သဘာဝပတ်ဝန်းကျင်ဆိုင်ရာလှုပ်ရှားသူများက ရာသီဥတုဖောက်ပြန်မှုကို တိုက်ဖျက်ရာတွင် ရေကြောင်းလုပ်ငန်း၏ကြိုးပမ်း အားထုတ်မှုသည်လည်း အရေးပါကြောင်း ပြောကြားသည်။ သင်္ဘောများက တစ်နှစ်လျှင် ကာဗွန်ဒိုင်အောက်ဆိုက် တန်ချိန် တစ်ဘီလျံနီးပါးထုတ်လွှတ်ရာ တစ်ကမ္ဘာလုံးက ထုတ်လွှတ်သည့် ဖန်လုံအိမ်အာနိသင် ဓာတ်ငွေ့များ၏ နှစ်မှ သုံးရာခိုင်နှုန်းအထိရှိသည်။ အကယ်၍ မည်သည့်ဆောင်ရွက်မှုမျိုးမှ မပြုလုပ်ပါက ၂၀၅၀  ပြည့်နှစ်တွင် ၅၀ မှ ၂၅၀ ရာခိုင်နှုန်းကြား တိုးလာမည်ဟု ခန့်မှန်းထားသည်။

နိုင်ငံတကာရေကြောင်း အဖွဲ့အစည်းကြီးက ပတ်ဝန်းကျင်ညစ်ညမ်းမှုထက် ပိုမိုကျယ်ပြန့်စွာလုပ်ဆောင်ရန် ရည်မှန်းထားရာ ၂၀၂၀ ပြည့်နှစ်တွင် သင်္ဘောများသည် ဆာလ်ဖာနည်းသည့် လောင်စာကို စတင်အသုံးပြုရန် လိုအပ်သည်။

ဒတ်ချ်ကုမ္ပဏီတစ်ခုဖြစ်သည့် ဂွတ်ဒ်ရှစ်ပင်းပရိုဂရမ်သည် အော်ဂဲနစ် ပစ္စည်းများက ထုတ်လုပ်သည့် ဇီဝလောင်စာကို ကြိုးပမ်းနေသည်။ အသုံးပြုပြီးသား ဟင်းချက်ဆီ လီတာ ၂၂çဝ၀ဝ ဖြင့် စက်တင်ဘာလက ကုန်ပစ္စည်းတင် သင်္ဘောတစ်စင်းကို လောင်စာဖြည့်ပေးခဲ့ရာ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုကို တန် ၄၀ လျှော့ချပေးသည့် ကမ္ဘာပေါ်တွင် ပထမဆုံးသင်္ဘော ဖြစ်သည်ဟုဆိုသည်။

သင်္ဘောများတွင် လေစွမ်းအားအသုံးပြုခြင်းသည် အလားအလာ အကောင်းဆုံးဟု မှတ်ယူရသည်။ ဒလက်ဖြင့် ရွက်လွှင့်ခြင်းသည် သင်္ဘောဘေးဘက်က လေတိုက်လျှင်ပင် တွန်းကန်အားကို ဖြစ်ပေါ်စေသည်။ ဂျာမန်လူမျိုး အင်ဂျင်နီယာ အန်တွန် ဖလက်တ်နာသည် ထိုစိတ်ကူးအကြံÓဏ်ကို ၁၉၂၀ ပြည့်လွန်နှစ်များအတွင်းက စတင် တီထွင်ခဲ့သော်လည်း ဈေးသက်သာသည့် ဆီဈေးနှုန်းကို မယှဉ်ပြိုင်နိုင်သဖြင့် အဆိုပါအယူအဆမှာချောင်ထိုးခံခဲ့ရသည်။

လေတိုက်နှုန်းများသည့်နေ့တွင် ဒလက်များသည် သင်္ဘောအင်ဂျင် တွန်းကန်အား၏ ၅၀ ရာခိုင်နှုန်းအထိ အစားထိုးနိုင်သည်ဟု နော့စ်ပါဝါ ကုမ္ပဏီက ပြောကြားသည်။ အားလုံးကိုခြုံကြည့်လျှင် လောင်စာ သုံးစွဲမှုကို ခုနစ်မှ ၁၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်သည်ဟု အဆိုပါကုမ္ပဏီက ပြောကြားသည်။

လေယာဉ်ထုတ်လုပ်သည့် ဥရောပကုမ္ပဏီ အဲဘတ်စ်က ငွေကြေးပံ့ပိုးပေးထားသည် အဲဆီးကုမ္ပဏီသည် ၂၀၂၀ ပြည့်နှစ်မှစ၍ပြင်သစ်မှ အယ်လ်ဘားမားသို့ လေယာဉ်ကိုယ်ထည် သယ်ဆောင်ပေးသည့် သင်္ဘောများတွင် လေထီးပုံသဏ္ဌာန်ဖြင့် အလိုအလျောက် လေဖြင့်ရွက်လွှင့်ခြင်းကို အသုံးပြုရန်စီစဉ်ထားရှိသည်။