ပေကျင်း-တရုတ်နိုင်ငံ၏ စီးပွားရေးသြဇာ တစ်နေ့ တခြား တိုးပွားလာမှုနှင့်စပ်လျဉ်း၍ ကမ္ဘာ့နိုင်ငံများက ရတက်မအေးဖြစ်နေချိန်တွင် တရုတ်နိုင်ငံသည် ဗိုလ်ကျ စိုးမိုးမှုကို မည်သည့်အခါမျှ ဆောင်ရွက်လိမ့်မည်မဟုတ် ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ဒီဇင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။
တရုတ်ပြည်၏ ဈေးကွက်စီးပွားရေး ပြုပြင်ပြောင်းလဲမှု နှစ် ၄၀ ပြည့် အထိမ်းအမှတ်အဖြစ် မိန့်ခွန်းပြောကြား ရာတွင် သမ္မတ ရှီက နိုင်ငံစုံ ကုန်သွယ်ရေးစနစ်နှင့် ယင်းနိုင်ငံ၏ စီပွားရေးကို ယခုထက် တိုးချဲ့ဖွင့်လှစ်ပေးရန် တရုတ်နိုင်ငံ၏ ကတိကဝတ်များကို ထပ်လောင်း၍ ပြောကြားခဲ့သည်။ တရုတ်ခေါင်းဆောင်က ပြောကြား ရာတွင် တရုတ်နိုင်ငံသည် အခြားနိုင်ငံများ၏ အကျိုးစီးပွားကိုအသုံးချ၍ ကိုယ့်နိုင်ငံ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လိမ့်မည်မဟုတ်ဟု ဆိုသည်။
တရုတ်နိုင်ငံသည် ကမ္ဘာ့ ဇာတ်ခုံ၏ အချက်အချာနေရာသို့ တစ်နေ့တခြား တိုး၍ချဉ်းကပ်လာပြီ ဖြစ်ကြောင်း ပြောကြားပြီး ကိုယ့်နိုင်ငံကိုယ် ကာကွယ်သော အမျိုးသား ကာကွယ်ရေးမူဝါဒကို ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။ "တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် မည်သည့်နိုင်ငံကိုမျှ အန္တရာယ်ပြုမည်မဟုတ်ကြောင်း၊ တရုတ်နိုင်ငံ မည်မျှပင် ဖွံ့ဖြိုးတိုးတက်ပါစေ ဗိုလ်ကျစိုးမိုးရေးပုံစံကို မည်သည့်အခါမျှ ကြိုးပမ်းလိမ့်မည် မဟုတ်ကြောင်း" ရှီက ဆိုသည်။
တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည်မည်သည့်နိုင်ငံကိုမျှ အန္တရာယ်ပြုမည်မဟုတ်ကြောင်း၊ တရုတ်နိုင်ငံ မည်မျှပင်ဖွံ့ဖြိုး ...
တရုတ်နိုင်ငံ၏ မကြာသေးမီက အောင်မြင်မှုရရှိခဲ့ သော ပမာဏများကို မှတ်တမ်းတင် ပြောကြားခြင်း၊ တရုတ်ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်ကို အထူးအလေး ထားပြောကြားပြီး သူ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများက ဖရိုဖရဲဖြစ်ခဲ့သော ယဉ်ကျေးမှုတော်လှန်ရေးကာလနောက်ပိုင်း စီးပွားရေးတစ်ရပ်လုံး ပြိုကွဲပျက်စီးတော့မည့် အခြေအနေကို ကယ်တင်နိုင်ခဲ့ကြောင်း တိန့်ရှောင်ဖိန်၏ ပထမဆုံး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို အကောင်အထည် ဖော်ခဲ့သည့် ၁၉၇၈ ခုနှစ်၏ ထူးခြားမှုများကို ရှီကျင့်ဖျင်က ပြောကြားခဲ့သည်။
တရုတ် စီးပွားရေးပြုပြင်ပြောင်းလဲမှု နှစ်ပေါင်း ၄၀ ပြည့် အထိမ်းအမှတ်ကာလအတွင်း စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည့် ပြုပြင်ပြောင်းလဲရေး ရှေ့ဆောင်လမ်းပြ ပုဂ္ဂိုလ် ၁၀ဝ ကိုလည်း အသိအမှတ်ပြုခဲ့သည်။ ၎င်းတို့ထဲတွင် NBA ကို ဆောင်ရွက်ခဲ့သူ ယောင်မင်း၊ အလီဘာဘာ ကုမ္ပဏီကို တည်ထောင်သူ ဂျက်မားနှင့် နိုဘယ်လ်ဆု ရရှိခဲ့သူ သိပ္ပံပညာရှင် တူယူးယူးတို့ ပါဝင်သည်။
မိန့်ခွန်းတစ်လျှောက်လုံးတွင် ရှီကျင့်ဖျင်က တရုတ် ကွန်မြူနစ်ပါတီ၏ လုံးဝဥဿုံ ဦးဆောင်မှုကို အလေးထား ဖော်ပြခဲ့ပြီး တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာ တည်မြဲ ရေးကိုလည်း အလေးထား ပြောကြားခဲ့သည်။
"တရုတ်ပြည်သူတွေကို ဘာလုပ်သင့်တယ်၊ ဘာမလုပ် သင့်ဘူးဆိုပြီး ဘယ်သူကိုမှ သြဇာပေးတဲ့နေရာမှာ မထားနိုင်ဘူး။ ကျွန်တော်တို့လုပ်နိုင်တာ၊ လုပ်ဖို့လိုအပ်တာကိုပဲ ပြုပြင်ပြောင်းလဲပါမယ်။ မလုပ်နိုင်တာတွေ၊ ပြောင်းလဲဖို့ မလိုအပ်တာတွေကို နဂိုအတိုင်းပဲ ဆက်လက်ထားရှိမှာပါ" ဟု ရှီက ဆိုသည်။
ဟားဗတ်စ်တက္ကသိုလ် အပြည်ပြည်ဆိုင်ရာရေးရာ ဌာနက ပညာရှင်တစ်ဦးဖြစ်သူ ဂျူလျံ ဂီဝါဇ်က သုံးသပ် ပြောကြားရာတွင် သမ္မတရှီ၏ မိန့်ခွန်းတစ်ခုလုံးတွင် ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုအရ တရုတ်နိုင်ငံက လျှောက်လှမ်းနေသော လမ်းကြောင်းသည် ထူးခြားထင်ရှားပြီး လုံးဝဥဿုံမှန်ကန်ကြောင်းကို ဖော်ပြခြင်းပင်ဖြစ်သည်။ "ဒီမိန့်ခွန်းက တရုတ်နိုင်ငံရဲ့ နှစ်ပေါင်း ၄၀ နဲ့ နောင် လာမယ့်အနာဂတ်ကာလမှာ အပြုသဘောဆောင်ပြီး ယုံကြည်မှုတည်ဆောက်နိုင်ရေး ဖြစ်ရပ်ကို ဖန်တီးပေးဖို့ ကျယ်ပြန့်တဲ့ ကြိုးစားမှုတစ်ရပ်ဖြစ်ပါတယ်" ဟု တရုတ် စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့်စပ်လျဉ်း၍ စာအုပ်တစ်အုပ်ရေးသားခဲ့သူ ဂီဝါဇ်က ပြောကြားခဲ့သည်။
သူ၏မိန့်ခွန်းကို နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း ကော်ပိုရေးရှင်းများ၏ လွှမ်းမိုးမှုက လမ်းခွဲ၍ အခြေခံကျသော စက်မှုလုပ်ငန်း လမ်းဖွင့်ပေးသည့် လုပ်ငန်းများကို ကြေညာမည်ဟု မျှော်လင့်ထားခဲ့ပြီး ရတက်မအေးဖြစ်နေကြသည့် ပုဂ္ဂလိကစွန့်ဦးတီထွင် လုပ်ငန်းရှင်များနှင့် နိုင်ငံခြားစီးပွားရေးလုပ်ငန်းများကို စိတ်သက်သာရာရစေခဲ့ခြင်း မရှိပေ။
တရုတ်နိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် အဆင့်မြင့် နည်းပညာ စက်မှုလုပ်ငန်းများကို လွှမ်းမိုးနိုင်ရေးအတွက် တွန်းအားပေးဆောင်ရွက်မှုမှာ အမေရိကန် အစိုးရအတွက် စိတ်ညစ်ညူးစရာ အချက်ဖြစ်ခဲ့သည်။ ထို့ပြင် နှစ်နိုင်ငံကုန်သွယ်ရေး တင်းမာမှုများအတွက်လည်း အရေးပါသောအချက် ဖြစ်ခဲ့သည်။ ကမ္ဘာအနှံ့ တရုတ်နိုင်ငံ၏ ခြေချမှုများ တိုးချဲ့လျက်ရှိပြီး အာရှနှင့် ပစိဖိတ်ဒေသမှအစ အာဖရိကအထိ ကျယ်ပြန့်သော ဒေသကြီးအတွင်း ပိုးလမ်းမသစ်ခေါ် BRI စီးပွားရေး အခြေခံ လုပ်ငန်းစီမံကိန်း ကွန်ရက်ကြီးတစ်ခုလုံးသည် နိုင်ငံအချို့ကို တရုတ်နိုင်ငံက လက်တံရှည်ရှည်ဖြင့် သြဇာလွှမ်းမိုးခြင်းဟုဆိုကာ ထိတ်လန့်မှုများ တိုးမြင့်စေခဲ့ပြီး နိုင်ငံရေးအရသာမက စီးပွားရေးအရပါ ဝေဖန် ခံရလျက်ရှိသည်။


















