ဆိုးလ်(တောင်ကိုရီးယား)-တောင်ကိုရီးယားပင်လယ်ကမ်းခြေမြို့တော် ဂန်နန်းရှိ တည်းခိုခန်းတစ်ခုတွင် သတိလစ်မေ့မြောနေသော ဆယ်ကျော်သက်လူငယ်များကို တွေ့ရှိခဲ့ပြီးနောက် လူငယ်သုံးဦးမှာ သေဆုံးပြီဟု ကနဦးယူဆခဲ့ပြီး အခြားခုနစ်ဦးမှာ ရရှိထားသည့်ဒဏ်ရာများကို ကုသမှုခံယူနေသည်ဟု တောင်ကိုရီးယား မီးသတ်ဌာနက ဒီဇင်ဘာ ၁၈ ရက်နေ့က ပြောကြားခဲ့သည်။
ဒဏ်ရာများရရှိသည့် အကြောင်းရင်းမှာ မသဲကွဲသေးသော်လည်း ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ဖြစ်နိုင်သည်ဟု ဂန်ဝန်မီးသတ်ဌာနချုပ် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ မိမိကိုယ်ကိုအဆုံးစီရင်ခြင်း၊ သို့မဟုတ် ပြစ်မှုကျူးလွန်ခြင်း လက္ခဏာများကို လတ်တလောမတွေ့ရှိရကြောင်း ၎င်းကပြောသည်။
အဆိုပါအခင်းဖြစ်နေရာရှိ ကယ်ဆယ်ရေးလုပ်သားများက အရေးကြီးလက္ခဏာများကို အခြေခံကာဆယ်ကျော်သက်သုံးဦးမှာ သေဆုံးသွားပြီဟု ယူဆကြသည်။ ၎င်းတို့နှင့်အတူ အခန်းတစ်ခုထဲတွင် တွေ့ရသည့် အခြား လူငယ်ခုနစ်ဦးတို့မှာမူ ဆေးရုံများ၌ ကုသမှုခံယူနေကြသည်။
အဆိုပါလူငယ်လေးများသည် ဆိုးလ်မြို့တော်က အထက်တန်းကျောင်းသားလေးများဖြစ်ကာနိုဝင်ဘာလက ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုပြီးနောက် ခရီးထွက်ခဲ့ကြခြင်းဖြစ်သည်ဟု ဂန်နန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။ ဒီဇင်ဘာ ၁၈ ရက်နေ့လယ်ခင်းက သတိမေ့နေသည့် ယောကျာ်းလေးများကို တွေ့ရှိပြီးနောက် ရဲကို အကြောင်းကြားခဲ့သည့် မိုတယ်ပိုင်ရှင်ကို ရဲအရာရှိများက စုံစမ်းမေးမြန်းလျက်ရှိသည်။

















