ကလောမြို့ သော်တာဝင်းယာဉ်စစ်ဂိတ်အနီး စိတ်ကြွဆေးပြား ၁၃၉၁၇ (ကာလတန်ဖိုး ကျပ် ၁၃၉ သိန်းခန့်)ကို ယာဉ်စစ်ပူး ပေါင်း အဖွဲ့ က တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း ဒီဇင်ဘာ ၂၀ ရက်က သိရသည်။
ဒီဇင်ဘာ ၁၉ ရက် နံနက် ၆ နာရီ အချိန်တွင် ကလောမြို့အဝင် သော်တာဝင်းတိုးဂိတ်အနီးတွင် မူးယစ်ရဲတပ်ဖွဲ့စု(၂၅) နှင့် ပူးပေါင်း အဖွဲ့ဝင်များက သက်သေများနှင့်အတူ မော်တော်ယာဉ်များအား တားဆီးစစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးနေစဉ် မိုးဗြဲမှ ကလောမြို့ဘက်သို့ တောင်ငူမြို့နယ် သဲဖြူ ကျောင်းကျေးရွာနေ ဇော်မျိုးဦး မောင်းနှင်ပြီး တောင်ငူမြို့၊ (၄)မိုင် သပြေလှကျေးရွာနေ ထက်လှိုင်ထွန်း၊ ပျဉ်းမနားမြို့၊ ရန်အောင်(၂)ရပ်ကွက် နေသူများဖြစ်သည့် ဇော်လင်းမောင် နှင့် ဟန်ထွန်းအောင်တို့ စီးနင်းလိုက်ပါ လာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့သည်။
အဆိုပါယာဉ်ပေါ်ပါ ထက်လှိုင်ထွန်း ဝတ်ဆင်ထားသည့် အင်္ကျီအိတ်ကပ်အတွင်းနှင့် မော်တော် ယာဉ်နောက် ထိုင်ခုံ အနောက်ဖက်ပစ္စည်းထည့်သည့် အခန်းကြား၌ သိုဝှက်သယ်ဆောင် လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၃၉၁၇ ပြားကို တွေ့ရှိသိမ်းဆည်းရမိခဲ့သောကြောင့် ၄င်းတို့ကို ကလောမြို့မရဲစခန်းက မူးယစ်ဆေးဝါးဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

















