ဂျာမန်သတင်းမဂ္ဂဇင်း ဒယ်ရှပီးဂဲ( ကြေးမုံ) သည် နာမည်ကျော်သတင်းထောက် ကလာ့ဇ် ရိုလိုတီးယပ်စ်အား သတင်းရေးသားဖော်ပြရာတွင် လုပ်ကြံဖန်တီးထားသည့် ဖြစ်ရပ်များထည့်သွင်းမှုဖြင့် အလုပ်မှ ထုတ်ပယ်လိုက်ပြီဖြစ်သည်။
ကလာ့ဇ် ရိုလိုတီးယပ်စ်သည် မဂ္ဂဇင်းသတင်းဆောင်းပါးများရေးသားရာတွင် အကြီးအကျယ်လိမ်လည်ခဲ့ပြီး တစ်ခါတရံတွင် အပြင်တွင်မရှိသည့် လူပုဂ္ဂိုလ်များကိုပါဖန်တီးခဲ့ကြောင်း ဒယ်ရှပီးဂဲက ဖော်ပြခဲ့သည်။
ဆုရရှိသို့မဟုတ် ဆုပေးရန် အမည်စာရင်းတင်သွင်းခံခဲ့ရသည့် ဆောင်းပါးများတွင်လည်း ယင်းလုပ်ကြံဖန်တီးသည့် အကြောင်းအရာများပါဝင်ကြောင်း မဂ္ဂဇင်းကဆက်လက်ဖော်ပြခဲ့သည်။ အသက် ၃၃ နှစ်အရွယ် ရီလိုတီးယပ်စ်က ဒယ်ရှပီးဂဲတွင် ဖော်ပြခဲ့သည့် သတင်းဆောင်းပါး ၁၄ ခုတွင် စာဖတ်သူများကိုလိမ်လည်ခဲ့ကြောင်း ဝန်ခံခဲ့သည်။
လုပ်ဖော်ကိုင်ဖက်တစ်ဦးက ရီလိုတီးယပ်စ်၏ သတင်းဆောင်းပါးများ သံသယဝင်စရာကောင်းကြောင်း အသိပေးခဲ့ပြီးနောက် စုံစမ်းစစ်ဆေးမှုများကိုပြုလုပ်ခဲ့ရာ လုပ်ကြံထားသည့် ဖြစ်ရပ်များပါဝင်ကြောင်း သိရှိခဲ့ခြင်းဖြစ်သည်ဟု ဒယ်ရှပီးဂဲက ဒီဇင်ဘာ ၁၉ ရက်ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
သတင်းဆောင်းပါးတချို့တွင် တစ်ကြိမ်တစ်ခါမျှ အပြင်တွင် မတွေ့ဆုံဘူး စကားမပြောခဲ့ဖူးသူများကိုပင် ထည့်သွင်းရေးသားခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
ရီလိုတီးယပ်စ်၏ဝန်ခံချက်အရ ဆောင်းပါး ၁၄ ပုဒ်ရှိခဲ့သော်လည်း ဆောင်းပါးပမာဏထက် ယင်းထက်ပင်ပိုမိုများပြားနိုုင်ကြောင်း မဂ္ဂဇင်းကပြောဆိုခဲ့သည်။ သတင်းထောက်သည် အမှားများကို ရည်ရွယ်ချက်ရှိရှိဖြင့် စနစ်တကျကျူးလွန်ခဲ့ကြောင်း ဒယ်ရှပီးဂဲကဖော်ပြခဲ့သည်။
အမေရိကန်နှင့် မက္ကဆီကိုနယ်စပ်ရှိ ရွှေ့ပြောင်းအရေးနှင့်ပတ်သက်သော ဆောင်းပါးတစ်ပုဒ်၌ မင်နီဆိုးတားရှိ မြို့တစ်မြို့၌ မက္ကဆီကိုသားများ မဝင်လာနဲ့ ဟုရေးသားထားသည့် စာများကိုပင်မြင်တွေ့ရကြောင်း ဖော်ပြခဲ့သည်။ သို့သော် နောက်ပိုင်းတွင် စစ်ဆေးချက်အရ ယင်းကဲ့သို့ စာများကိုမတွေ့ခဲ့ရချေ။
ရီလိုတီးယပ်စ်သည် မဂ္ဂဇင်းအတွက် ဆောင်းပါး ၆၀ ခန့်ကိုရေးသားခဲ့ပြီး ကျူးလွန်ခဲ့သည့်အတွက် အမှားအတွက် ဝမ်းနည်းမိကြောင်း ပြောဆိုခဲ့သည်။ ဒယ်ရှပီးဂဲ၏ နှစ် ၇၀ သက်တမ်းအတွင်း ယခုဖြစ်ရပ်သည် အရှက်ရစရာကောင်းလှကြောင်း မဂ္ဂဇင်းကဖော်ပြခဲ့သည်။

















