ဆီးရီးယားမှ အမေရိကန်တပ်များ ရုပ်သိမ်းရန်သမ္မတထရမ့် ဆုံးဖြတ်မှု မဟာမိတ်များ အလန့်တကြားကန့်ကွက်

ဆီးရီးယားမှ အမေရိကန်တပ်များ ရုပ်သိမ်းရန်သမ္မတထရမ့် ဆုံးဖြတ်မှု မဟာမိတ်များ အလန့်တကြားကန့်ကွက်

ဆီးရီးယားမှ အမေရိကန်တပ်များနှင့် စစ်ဆင်ရေးလုပ်ငန်းများအပြီးသတ် ရုပ်သိမ်းရန် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဆုံးဖြတ်ခဲ့ခြင်းကို မဟာမိတ်များက အလန့်တကြားကန့်ကွက်လျက်ရှိကြောင်း သိရသည်။

ဒီဇင်ဘာ ၁၉ တွင် သမ္မတထရမ့်က ဆီးရီးယားမှ စစ်ဆင်ရေးများ ရုပ်သိမ်းရန် ကြေညာခဲ့ခြင်းဖြစ်ပြီး ဆီးရီးယားတွင် အိုင်အက်စ်ကိုချေမှုန်းနိုင်ပြီဖြစ်သောကြောင့် ရုပ်သိမ်းခြင်းဖြစ်ကြောင်း သမ္မတထရမ့်က ပြောသည်။

သို့သော် မဟာမိတ်နိုင်ငံများ၊ ရီပတ်ဘလိကန်အမတ်များကမူ အမေရိကန် စစ်ဆင်ရေးများ ရုပ်သိမ်းလိုက်ပါကအိုင်အက်စ် ခေါင်းပြန်ထောင်လာမည့် အန္တရာယ်ရှိနေကြောင်းဝေဖန်ထောက်ပြလျက်ရှိသည်။

ဆီးရီးယားအရှေ့မြောက်ပိုင်းတွင် အိုင်အက်စ် အကြမ်းဖက်အဖွဲ့များချေမှုန်းရေး၌ အမေရိကန်တပ်များကအဓိက ကူညီခဲ့ခြင်းဖြစ်သည်။ သမ္မတထရမ့်ကိုအစဉ်တစိုက် ထောက်ခံလာခဲ့သည့် ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် လင်းဆေးဂရေဟမ် ကိုယ်တိုင်ကသမ္မတထရမ့်၏ ဆီးရီးယားဆုံးဖြတ်ချက်သည် အလွန်ကြီးမားသော အမှားကြီးဖြစ်ကြောင်းဝေဖန်ခဲ့သည်။

မစ္စတာဂရေဟမ်သည် အထက်လွှတ်တော် စစ်ဘက်ကော်မတီအဖွဲ့ဝင်လည်းဖြစ်ပြီးဆီးရီးယားမှ  အမေရိကန်တပ်များ ရုပ်သိမ်းခြင်းဖြင့် ထိုဒေသတွင် ရုရှားနှင့် အီရန် သြဇာပိုကြီးလာအောင် လမ်းဖွင့်ပေးရာရောက်ကြောင်းလည်းထောက်ပြခဲ့သည်။

ပင်တဂွန်ကမူ ၎င်းတို့အနေဖြင့် အိုင်အက်စ် ချေမှုန်းရေးကိုစာမျက်နှာသစ်သို့ ကူးပြောင်းဆောင်ရွက်နေပြီဖြစ်ကြောင်းသာ ထုတ်ပြန်ခဲ့ပြီးအသေးစိတ်ကို ထည့်သွင်းပြောကြားခြင်းမရှိ။