ယီမင်ပြည်တွင်းစစ်အတွင်း အသက် ၁၀ နှစ်အရွယ်ကလေးများ စစ်သားအဖြစ် အသုံးချခံနေရ

ယီမင်ပြည်တွင်းစစ်အတွင်း အသက် ၁၀ နှစ်အရွယ်ကလေးများ စစ်သားအဖြစ် အသုံးချခံနေရ

ယီမင်နိုင်ငံရှိ လေးနှစ်ကြာ ပြည်တွင်းစစ်အတွင်း ဟိုသီသူပုန်များနှင့် ဆော်ဒီအာရေဗျဦးဆောင်သော မဟာမိတ်တပ်များသည် အသက် ၁၀ ခန့်အထိ ငယ်ရွယ်သော ကလေးငယ်များကို ကလေးစစ်သားများအဖြစ် စုဆောင်းပြီး တိုက်ခိုက်ရေးတာဝန်များပေးနေကြောင်း အေပီသတင်းဌာန၏လေ့လာမှုတစ်ခုအရသိရသည်။

စစ်ပွဲစတင်ဖြစ်ပွားချိန် ၂၀၁၄ ခုနှစ်မှစ၍ ဟိုသီများသည် ကလေး ၁၈၀ဝ၀ ခန့်ကို စစ်သားအဖြစ်စုဆောင်းခဲ့ကြောင်း ဟိုသီစစ်တပ်အရာရှိတစ်ဦးက အေပီသတင်းဌာနသို့ပြောဆိုခဲ့သည်။ ပြည်တွင်းစစ်အတွင်း နှစ်ဖက်စလုံးသည် ကလေး ၂၇၂၁ ဦးကို စစ်သားအဖြစ်စုဆောင်းခဲ့ကြောင်း ကုလသမဂ္ဂက အတည်ပြုထားပြီးဖြစ်သည်။

အေပီကတွေ့ဆုံခဲ့သည့် ကလေးတချို့ကလည်း ၎င်းတို့ဆန္ဒအရ သူပုန်များနှင့် ပူးပေါင်းခဲ့ခြင်းဖြစ်ပြီး တချို့ကလည်း ငွေနှင့် လက်နက်ကိုင်ရမည်ဆိုသည့် မျှော်လင့်ချက်များကြောင့် စစ်မှုထမ်းခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။ သို့သော် အများစုကမူ ဟိုသီများ၏အတင်းအကျပ်စေခိုင်းမှုကြောင့် စစ်မှုထမ်းရခြင်းဖြစ်ကြောင်း ဝန်ခံခဲ့သည်။

ယီမင်နိုင်ငံမြောက်ပိုင်းနှင့် အနောက်ပိုင်း အဓိကလမ်းမကြီးများတစ်လျှောက်ရှိ စစ်ဆေးရေးစခန်းများတွင် အေကေ-၄၇ ကိုင်ဆောင်ထားသည့် ကလေးများကို မြင်တွေ့ရမည်ဖြစ်သည်။ တချို့သည်လည်း ရှေ့တန်းစစ်မြေပြင်သို့ စေလွှတ်ခြင်းခံခဲ့ရသည်။

စစ်ပွဲအတွင်း ကလေး ၆၀ဝ၀ ကျော်ခန့်သေဆုံးသို့မဟုတ် ဒုက္ခိတဘဝရောက်ခဲ့ရပြီးဖြစ်ကြောင်း ယူနီဆက်ဖ်က အောက်တိုဘာတွင်ဖော်ပြခဲ့သည်။

ဓာမာမြို့ရှိ ကျောင်းဆရာဟောင်းတစ်ဦးက ၎င်း၏စာသင်ကျောင်းမှ ကလေး ၁၄ ဦး စစ်သားအဖြစ် စုဆောင်းခံခဲ့ရပြီး အားလုံးသေဆုံးခဲ့ကြောင်း ပြောဆိုခဲ့သည်။

စစ်မြေပြင်တွင် ဆုံးရှုံးမှုများကြောင့် အင်အားနည်းလာသည့် ဟိုသီများသည် တပ်သားသစ်များကို အပူတပြင်းစုဆောင်းလျက်ရှိနေသည်။ ရန်ပုံငွေတောင့်တင်းပြီး လက်နက်ပြည့်စုံသော ညွန့်ပေါင်းအဖွဲ့သည် စစ်မြေပြင်တွင် တပ်သား ၁၄၀ဝ၀ဝ ရှိနေသည်။ သူပုန်တပ်သား ၆၀ဝ၀ဝ ခန့် ရှေ့တန်းစစ်မြေပြင်တွင်တာဝန်ထမ်းဆောင်နေကြောင်း ဟိုသီအရာရှိတစ်ဦးကပြောဆိုခဲ့သည်။

ဟိုသီသူပုန်များသည် အင်အား ၁၅၀ဝ၀ မှ ၅၀ဝ၀ဝ အထိရှိနိုင်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။