ဖေ့စ်ဘွတ်ခ် သုံးစွဲသူပေါင်းများစွာ၏ ကိုယ်ရေးအချက်အလက်များကို ခွင့်ပြုချက်မတောင်းဘဲရယူအသုံးချခဲ့သော Cambridge Analytica ကုမ္ပဏီအမှုနှင့်စပ်လျဉ်းပြီး ဝါရှင်တန်ဒီစီအစိုးရရှေ့နေချုပ်က ဖေ့စ်ဘွတ်ခ်ကုမ္ပဏီကို တရားစွဲဆိုလိုက်ပြီဖြစ်ကြောင်းသိရသည်။
အစိုးရရှေ့နေချုပ် ကားလ် ရာစီနီကဒီဇင်ဘာ ၁၉တွင် တရားစွဲဆိုလိုက်ခြင်းဖြစ်ကြောင်းဝါရှင်တန်ပို့စ် သတင်းစာကဖော်ပြသည်။ Cambridge Analyticaအနေဖြင့် ဖေ့စ်ဘွတ်ခ် သုံးစွဲသူသန်းပေါင်းများစွာ၏ ကိုယ်ရေးအချက်အလက်များကိုရယူနိုင်အောင် ခွင့်ပြုခဲ့မှုဖြင့် ဖေ့စ်ဘွတ်ခ်ကိုတရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။
တရားစွဲဆိုမှုနှင့် ပတ်သက်ပြီးအချက်အလက်များကို သုံးသပ်လျက်ရှိကြောင်း၊ ဝါရှင်တန် ဒီစီရှေ့နေချုပ်နှင့်လည်း တရားစွဲဆိုမှုအကြောင်းဆွေးနွေးလျက်ရှိကြောင်း ဖေ့စ်ဘွတ်ခ်ကထုတ်ပြန်ပြောကြားသည်။ တရားစွဲဆိုခံရခြင်းသာမက၊ ဖေ့စ်ဘွတ်ခ်သည် Cambridge Analytica ကုမ္ပဏီဒေတာအလွဲသုံးမှုနှင့် စပ်လျဉ်းပြီး အမေရိကန်ပြည်ထောင်စုကုန်သွယ်ရေးကော်မရှင်၊ တရားရေးဌာနတို့၏ စုံစမ်းစစ်ဆေးမှုများနှင့်လည်း ရင်ဆိုင်နေရသည်။
ဗြိတိန်တွင်လည်း Cambridge Analytica နှင့် ပတ်သက်၍ ဖေ့စ်ဘွတ်ခ်သည် ဒဏ်ကြေးပေါင်ငွေ ငါးသိန်းပေးဆောင်ခဲ့ရပြီး ဖြစ်သည်။ ထိုငွေပမာဏသည် ဗြိတိန်ဥပဒေအရ ဒေတာကျိုးပေါက်မှုအတွက် အမြင့်ဆုံးရိုက်နိုင်သောဒဏ်ကြေးလည်း ဖြစ်သည်။ အိုင်ယာလန် တရားရေးဌာနကလည်း ဖေ့စ်ဘွတ်ခ်ကို ဒေတာလုံခြုံရေးကျိုးပေါက်မှု စွဲချက်အများအပြားဖြင့် စုံစမ်းစစ်ဆေးလျက်ရှိပြီး အရေးယူခြင်းမျိုးမရှိသေးကြောင်းလည်း တွေ့ရသည်။
ဝါရှင်တန် ဒီစီရှေ့နေချုပ်၏ တရားစွဲဆိုမှုတွင် ပြီးခဲ့သည့် ရက်ပိုင်းကမှ နယူးယောက်တိုင်းမ်က ထပ်မံဖွင့်ချလိုက်သော Cambridge Analytica နှင့် ပတ်သက်သည့် ဒေတာပေါက်ကြားမှုများကိစ္စ မပါဝင်သေးကြောင်းလည်း တွေ့ရရာတရားစွဲဆိုမှုတွင် ထိုအချက်များပါဝင်အောင် ပြင်ဆင်စွဲဆိုနိုင်ခြေရှိကြောင်းလည်းသိရသည်။

















