အမေရိကန်က နျူခြိမ်းခြောက်မှုများ မရပ်သရွေ့ မြောက်ကိုရီးယားက နျူလက်နက် စွန့်မည်မဟုတ်ဟု ဆို

အမေရိကန်က နျူခြိမ်းခြောက်မှုများ မရပ်သရွေ့ မြောက်ကိုရီးယားက နျူလက်နက် စွန့်မည်မဟုတ်ဟု ဆို

အမေရိကန်အနေဖြင့် မြောက်ကိုရီးယားအပေါ် နျူခြိမ်းခြောက်မှုများ မရပ်တန့်သရွေ့ မြောက်ကိုရီးယားကလည်း  နျူလက်နက်ကို တစ်ဖက်သတ် စွန့်လွှတ်မည်မဟုတ်ကြောင်း မြောက်ကိုရီးယားက ဒီဇင်ဘာ ၂၀ ရက်တွင်  ထုတ်ပြန်ကြေညာခဲ့သည်။

နျူကလီးယားလက်နက် ဖျက်သိမ်းရေး၊ နိုင်ငံတကာ ဆန်ရှင်များ ရုပ်သိမ်းပေးရေးအတွက် မြောက်ကိုရီးယားနှင့် အမေရိကန်ကြား ဆွေးနွေးမှုများ ရှေ့မတိုး နောက်မဆုတ် ဖြစ်နေချိန်တွင် ယခု ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

အမေရိကန်သမ္မတ  ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့ ဇွန် ၁၂ ရက်က စင်ကာပူတွင် တွေ့ဆုံခဲ့ကြပြီး ကိုရီးယားကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေး ကတိပြုခဲ့ကြသော်လည်း မည်သည့် အချိန်  နောက်ဆုံးထားပြီး မည်သည့်နည်းလမ်းဖြင့် နျူဖျက်သိမ်းမည်ဟူသော အသေးစိတ်ကိုမူ ယခုထိတိုင် သဘောတူညီချက် ချမှတ်နိုင်သေးခြင်းမရှိပေ။

အမေရိကန်အနေဖြင့် တောင်ကိုရီးယားနှင့် ဂျပန်တွင် ဖြန့်ကျက်ချထားသော နျူလက်နက်ကာကွယ်ရေး ယန္တရားများနှင့် တပ်များကို မရုပ်သိမ်းသရွေ့ မြောက်ကိုရီးယားအတွက် ခြိမ်းခြောက်မှုဖြစ်နေသောကြောင့် မြောက်ကိုရီးယားကလည်း တစ်ဖက်သတ်  နျူကလီးယား စွန့်လွှတ်ရန် အစီအစဉ်မရှိကြောင်းဖြင့် ဒီဇင်ဘာ ၂၀ တွင် မြောက်ကိုရီးယားက ထုတ်ပြန်ခဲ့သည်။

စင်ကာပူတွင် သဘောတူညီခဲ့မှုများကို အမေရိကန်သည်  လိုက်နာခြင်းမရှိကြောင်းလည်းမြောက်ကိုရီးယားက စွပ်စွဲပြောကြားလိုက်သည်။

ကိုရီးယားကျွန်းဆွယ် နျူကလီးယား အလုံးစုံ ကင်းစင်ရေးဟူသည် မြောက်ကိုရီးယားသာမက၊ တောင်ကိုရီးယားတွင် ချထားသော အမေရိကန် တပ်များနှင့် နျူလက်နက်များ ဖယ်ရှားရေးအပြင်၊ ဝန်းကျင်ဒေသအတွင်း အသင့်ချထားသော အမေရိကန်၏  နျူခြိမ်းခြောက်မှုများကိုပါ ဖယ်ရှားပါမှ  ပြီးမြောက်အောင်မြင်မည်ဖြစ်ကြောင်း မြောက်ကိုရီးယားက ပြောသည်။