ကိုရီးယားလေကြောင်းလိုင်းသူဌေးသမီး၏ အနိုင်ကျင့် ခံရသည့် လေယာဉ်အမှုထမ်း နစ်နာကြေးရရှိ

ကိုရီးယားလေကြောင်းလိုင်းသူဌေးသမီး၏ အနိုင်ကျင့် ခံရသည့် လေယာဉ်အမှုထမ်း နစ်နာကြေးရရှိ

သစ်ကြားသီးဒေါသူပုန်ထမှုတွင် အနိုင်ကျင့်ခံခဲ့ရသော လေယာဉ်အမှုထမ်းအမျိုးသားကို ကိုရီးယားလေကြောင်းလိုင်းကနစ်နာကြေး ဒေါ်လာ ၁၈၀ဝ၀ ပေးရန် ဆိုးလ်မြို့ တရားရုံးက အမိန့်ချမှတ်လိုက်သည်။

၂၀၁၄  ခုနှစ် ဒီဇင်ဘာလကလေကြောင်းလိုင်းသူဌေး၏ သမီးဖြစ်သူကို လေယာဉ်ပေါ်၌ သစ်ကြားသီးတည်ခင်းရာတွင် လေယာဉ်အမှုထမ်း ပါ့ခ် ချန်ကျင်က ပန်းကန်လုံးနှင့် မတည်ခင်းဘဲ အခြားခရီးသည်များကို တည်ခင်းသည့်အတိုင်း သစ်ကြားသီးအထုပ်အတိုင်းပေးမှုကြောင့်ဟုဆိုကာ သူဌေး၏ သမီးဖြစ်သူချိုဟွမ်အာက ဒေါသူပုန်ထပြီး ဒူးထောက်တောင်းပန်ခိုင်းခဲ့သည့် အမှုကို သစ်ကြားသီး ဒေါသူပုန်ထမှုဟု လူသိများကြသည်။

ချိုဟွမ်အာသည် နယူးယောက်မြို့ ဂျွန်အက်ဖ်ကနေဒီလေဆိပ်မှ ထွက်ခွာလုနီးလေယာဉ်ကိုလည်း ပြန်ကပ်ခိုင်းခဲ့ပြီးမစ္စတာ ပါ့ခ်ကိုလေယာဉ်ပေါ်မှ  မောင်းချခဲ့ကာမကြာခင်ပင် ရာထူးမှလည်းချထားခဲ့သည်။

ကိုယ်ထိလက်ရောက် အနိုင်ကျင့်မှု၊ စိတ်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုများအတွက် မစ္စတာ ပါ့ခ်ကကိုရီးယားလေကြောင်းလိုင်းကို တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ချိုဟွမ်အာ၏ လုပ်ရပ်သည် လေကြောင်းပို့ဆောင်ရေး ဘေးကင်းလုံခြုံရေးဥပဒေကိုလည်း ချိုးဖောက်ရာရောက်သဖြင့် ထောင်ဒဏ် ငါးလချမှတ်ခံခဲ့ရသည်။

လေယာဉ်ပေါ်တွင် အနိုင်ကျင့်ခံရမှုကိုမီဒီယာသို့ ဖွင့်ပြောမိသဖြင့် မိမိသည် ရာထူးချထားခံရခြင်းမှာလည်းလေကြောင်းလိုင်း၏ မမျှတသောလုပ်ရပ်ဖြစ်ကြောင်း မစ္စတာ ပါ့ခ်က ရှုတ်ချခဲ့သည်။

ကိုရီးယားလေကြောင်းလိုင်း သူဌေး ချိုယန်ဟို၏ သမီးကြီး ချိုဟွမ်အာက သစ်ကြားသီးတည်ခင်းမှုနှင့် ပတ်သက်ပြီးဝန်ထမ်းတစ်ဦးကို အနိုင်ကျင့်သည့်ကိစ္စသည်  နိုင်ငံတကာသတင်းခေါင်းကြီးများတွင် ပါဝင်ခဲ့သလို တောင်ကိုရီးယားတွင် ချွဲဘိုဟုသိကြသည့် မိသားစုပိုင် လုပ်ငန်းကြီးများ၌  ဝန်ထမ်းများအနိုင်ကျင့်ခံနေရမှုနှင့် ပတ်သက်ပြီးလည်း နိုင်ငံအတွင်းအချေအတင် ပြောဆိုမှုများရှိလာခဲ့သည်။