ကမ္ဘာတစ်ဝန်း မိုဘိုင်းဖုန်းများကို တွင်တွင်ကျယ်ကျယ်အသုံးပြုမှုကြောင့် ဆိုးကျိုးများရှိလာခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းစာ ရိုဒွန်ဆင်မွန်က ဒီဇင်ဘာ ၁၈ ရက်တွင် ဖော်ပြခဲ့သည်။
ပြင်သစ်၌ စာသင်ခန်းများထဲတွင် မိုဘိုင်းဖုန်းအသုံးပြုမှုကိုပိတ်ပင်ခြင်း၊ အိန္ဒိယ၌ နည်းပညာအကူအညီဖြင့် စာမေးပွဲခိုးချခြင်းတို့ကို ဥပမာပေးပြီး မိုဘိုင်းနည်းပညာပစ္စည်းများကြောင့် တန်ပြန်တော်လှန်ရေးနှင့် ယိုယွင်းပျက်စီးစေသော ယဉ်ကျေးမှုပျံ့ပွားခဲ့ကြောင်း ဖော်ပြခဲ့သည်။
လူငယ်များ အကျိုးမရှိသည့် အတွေးအမြင်များကို လက်ခံလာအောင် မိုဘိုင်းဖုန်းများကို အသုံးပြုပြီး ဖြန့်ချိမှုများပြုလုပ်နေကြောင်းလည်း ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားအစိုးရသည် ဆက်သွယ်ရေးကိုတင်းကျပ်စွာထိန်းချုပ်ထားပြီး သာမန်နိုင်ငံသားများသည် ဖုန်းသို့မဟုတ် အင်တာနက်ဖြင့် ပြင်ပကမ္ဘာသို့ ဆက်သွယ်ခွင့်မရကြချေ။
သို့သော် ၂၀ဝ၈ ခုနှစ်မှစ၍ အစိုးရသည် ဆဲလ်ဖုန်းကွန်ရက် ချဲ့ထွင်ပေးခဲ့ပြီး နိုင်ငံတွင်းအသုံးပြုခွင့်လျှောက်ထားသူ သုံးသန်းခန့်ရှိကြောင်း ခန့်မှန်းမှုများရှိနေသည်။
လူဦးရေ ၂၅ သန်းရှိသော မြောက်ကိုရီးယား၌ မိုဘိုင်းဖုန်းခြောက်သန်းခန့်ရှိနေကြောင်း တောင်ကိုရီးယား အစိုးရအရာရှိများက ခန့်မှန်းထားသည်။
ပြုံယမ်းမြို့လယ်၌ ပထမဆုံး ဝိုင်ဖိုင်ကွန်ရက်တစ်ခုကိုထားရှိလိုက်ပြီဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက မကြာသေးမီတွင် ဖော်ပြခဲ့သည်ဟု မြောက်ကိုရီးယားကို စောင့်ကြည့်နေသည့် ၃၈ မြောက်ပိုင်း ဝက်ဘ်ဆိုက်က ဒီဇင်ဘာ ၃ ရက်တွင် ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားလုံခြုံရေးဌာနများသည် ကွန်ပျူတာများ၊ ဖုန်းများနှင့် အခြားနည်းပညာပစ္စည်းများကို မကြာခဏ စစ်ဆေးတတ်သည်။ ဒီဗွီဒီ၊ စီဒီနှင့် ယူအက်စ်ဘီကဲ့သို့ ဖျော်ဖြေရေးပစ္စည်းများကိုတွေ့ရှိပါက အနိမ့်ဆုံးပြစ်ဒဏ်အဖြစ် အကျဉ်းစခန်းများသို့ပို့ဆောင်ခံရမည်ဖြစ်ပြီး အမြင့်ဆုံးပြစ်ဒဏ်အဖြစ် အများပြည်သူရှေ့တွင် ကွပ်မျက်ခံရမည်ဖြစ်သည်။

















