ဘရာဇီးသမ္မတ တီမာ အကျင့်ပျက်ခြစားမှုဖြင့် တရားစွဲဆိုခံရ

ဘရာဇီးသမ္မတ တီမာ အကျင့်ပျက်ခြစားမှုဖြင့် တရားစွဲဆိုခံရ

ဆိပ်ကမ်းစီမံခွင့်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများအတွင်း တွေ့ရှိချက်များအရ ဘရာဇီးသမ္မတမီရှဲ တီမာအား အကျင့်ပျက်ခြစားမှု၊ ငွေမည်းခဝါချမှုများဖြင့် ဥပဒေချုပ် ရာကွယ် ဒေါ့ဂျ်က ဒီဇင်ဘာ ၁၉ ရက်တွင် တရားစွဲဆိုလိုက်သည်။

ဒီဇင်ဘာ ၃၁ ရက်တွင် သမ္မတသက်တမ်းကုန်ဆုံးမည့် တီမာသည် ၂၀၁၇ ခုနှစ်တွင် ဆိပ်ကမ်းနှစ်ခု၏လုပ်ကိုင်စီမံခန့်ခွဲခွင့်များကို နှစ် ၇၀ အထိ သက်တမ်းတိုးပေးခဲ့မှုအတွက် လာဘ်ငွေများရရှိခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

မူမမှန်မှုများမရှိသလို မည်သည့်ကုမ္ပဏီမှလည်း တရားမဝင် အကျိုးအမြတ်ရခဲ့သည့်ဖြစ်ရပ်မရှိခဲ့ကြောင်း သက်သေပြမည်ဟု သမ္မတရုံးကထုတ်ပြန်ခဲ့သည်။

တီမာအား ရုံးတင်စစ်ဆေးခွင့်ပြုကြောင်း အောက်လွှတ်တော်က အတည်ပြုပေးမှသာ တရားလွှတ်တော်ချုပ်သည် ကြားနာစစ်ဆေးခွင့်ရရှိမည်ဖြစ်သည်။ တရားလွှတ်တော်ချုပ်သည် လာမည့် ရက်သတ္တပတ်များတွင် အားလပ်ရပ်ဖြစ်သဖြင့် ကြားနာစစ်ဆေးမှုများကိုရပ်ဆိုင်းထားမည်ဖြစ်ရာ တီမာကို လာမည့်နှစ်မှသာ ကြားနာစစ်ဆေးမည်ဖြစ်သည်။

ဘရာဇီးဆိပ်ကမ်းကဏ္ဍတွင် စီမံခန့်ခွဲမှုများနှင့်ပတ်သက်၍ ကုမ္ပဏီတချို့အား မျက်နှာသာပေးခဲ့သည့် ဖြစ်ရပ်ကို ပြည်ထောင်စုရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးခဲ့ရာ တီမာနှင့် အခြားလူ ၁၀ ဦးတို့ မသမာမှုများကျူးလွန်ခဲ့ကြောင်း တွေ့ရှိခဲ့သည်။

တီမာသည် ဆိပ်ကမ်းများကို စီမံခွင့်နှင့်ပတ်သက်၍ ကုမ္ပဏီတချို့အား မျက်နှာသာပေးသည့် အမိန့်ဒီဂရီတစ်ရပ်ကိုထုတ်ပြန်ခဲ့သည်။ တီမာသည် ယခုတရားစွဲဆိုမှုအပါအဝင် အကျင့်ပျက်ခြစားမှုဖြင့် သုံးကြိမ်တရားစွဲဆိုခံခဲ့ရပြီးဖြစ်သည်။ တီမာ သမ္မတအဖြစ်တာဝန်ထမ်းဆောင်ချိန်တွင် ကြားနာစစ်ဆေးခြင်းမပြုရန် အောက်လွှတ်တော်က ဆုံးဖြတ်ခဲ့သောကြောင့် ယခင်စွဲဆိုမှုနှစ်ခုနှင့်ပတ်သက်၍ ကြားနာစစ်ဆေးမှုမပြုခြင်းဖြစ်သည်။