မုံရွာမြို့ ပထမလယ်တီဆရာတော်ကြီး၏(၁၀၈)နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်ပွဲတော်ကို မဟာလယ်တီတိုက်တွင် နတ်တော်လဆန်း ၁၃ရက် (ဒီဇင်ဘာ ၂၀ရက်) မွန်းလွဲ ၁ နာရီက ပင့်သံဃာအပါး ၁၅၀ ကျော်ကို ဆွမ်းဆန်တော် နှင့် နဝကမ္မပစ္စည်းများ လောင်းလှူခဲ့ကြသည်။
"ပထမလယ်တီဆရာတော်ကြီး မွေးနေ့ပွဲကို နှစ်စဉ်လှူဒါန်းခွင့်ကြုံနေတာဟာ သံဃိက ဒါနစစ်စစ်ဖြစ်လို့ ပထမလယ်တီဆရာတော်ကြီးကို ကျေးဇူးဆပ်ရာလည်း ရောက်ပါတယ်။များပြားလှတဲ့ ဆရာတော်ကြီးရဲ့ဂုဏ်တော် တွေကိုလည်းပူဇော်ရာရောက်ပါတယ်"ဟု ဒေသခံ ဆွမ်းအလှူရှင်တစ်ဦးက ပြောဆိုသည်။
လောင်းလှူကြ
ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မွန်းလွဲ ၁ နာရီတွင်စတင်ကျင်းပရာ လက်ရှိဒသမ မဟာလယ်တီဆရာတော်ဦးဆောင်၍ ပင့်သံဃာ အပါး ၁၅၀ ကျော်ကို လယ်တီကျောက်စာတိုက် ပတ်လည်တွင် မုံရွာမြို့နှင့် အနယ်နယ်အရပ်ရပ်မှ ကုသိုလ်ရှင်များက မိမိတို့ တတ်စွမ်းရာကို လောင်းလှူခဲ့ကြသည်။
"နှစ်စဉ်မပျက်ကျင်းပနေတဲ့ လယ်တီပွဲကို အထက်အညာနဲ့ မြန်မာပြည်အောက်ပိုင်းစတဲ့ နေရာစုံကလာပြီး လောင်းလှူကြတာပါ။ သံဃာ တော်တွေအနေနဲ့ ဝတ္ထုငွေရော၊ လှူဖွယ်ပစ္စည်း ပါအတော်များများ အလှူခံရတဲ့ပွဲပါ။ တစ်နှစ် ထက်တစ်နှစ် လှူတဲ့သူက တိုးသာလာတာပါ၊ လျော့မသွားဘူး" ဟု မင်းကင်းနယ်မှ နှစ်စဉ် လယ်တီပွဲသို့လာလှူသူတစ်ဦးက ပြောဆိုသည်။
အလှူခံစခန်း
ဆွမ်းဆန်တော်နှင့် နဝကမ္မပစ္စည်းများ လှူဒါန်းရာတွင် မဟာလယ်တီကျောင်းတိုက်က အများလှူဒါန်းထားသော အလှူငွေနှင့်ပစ္စည်းများ ကိုမဲခွဲကာ ြွကရောက်လာသော သံဃာတော် များအားမဲနှိုက်စေ၍ ကျရာကို လောင်းလှူခြင်း ဖြစ်ပြီး အနည်းဆုံးကျပ်ခြောက်သောင်းမဲမှ အများဆုံးကျပ်ငါးသိန်းခွဲမဲအထိ ချိတ်ဆွဲမဲခွဲ လှူဒါန်းခြင်းဖြစ်သည်။ စာရေးတံမဲများကို တစ်ပတ်ကြို၍ နတ်တော်လဆန်း၇ ရက်မှ စတင်လှူဒါန်းနိုင်ရန် အလှူခံစခန်းဖွင့်ထားခြင်း ဖြစ်ကြောင်း သိရသည်။
















