အာဖဂန်နစ္စတန်ရှိ အမေရိကန်စစ်သည် ၁၄၀ဝ၀ အနက် ထက်ဝက်ကို ရုပ်သိမ်းရန်လည်း ပင်တဂွန်စစ်ဌာနချုပ်က စီစဉ်နေကြောင်း အမေရိကန်အရာရှိများက ဒီဇင်ဘာ ၂၀ ရက်က ပြောဆိုခဲ့သည်။
သမ္မတဒေါ်နယ်ထရမ့်အစိုးရလက်ထက် သိသာထင်ရှားသည့် မူဝါဒအပြောင်းအလဲတစ်ရပ်ဖြစ်ပြီး ၁၇ နှစ်ကြာ အာဖဂန်စစ်ပွဲ ဆင်နွှဲခဲ့ပြီးနောက် တာလီဘန်တို့နှင့် ငြိမ်းချမ်းရေးရယူရန် ရည်ရွယ်ကြောင်း အေပီသတင်းက ဖော်ပြခဲ့သည်။
နွေရာသီတွင် တပ်လျှော့ချမည်ဖြစ်ပြီး အပြီးသတ်ဆုံးဖြတ်ချက် မဟုတ်သေးဟုလည်းဆိုသည်။ အီရတ်မှ အမေရိကန်တပ်အားလုံး ရုပ်သိမ်းမည့်သတင်းထွက်ပေါ်လာပြီးနောက် ယခုသတင်း ထပ်မံထွက်ပေါ်လာခြင်းဖြစ်သည်။
သမ္မတထရမ့်သည် အာဖဂန်မှတပ်များ ပြန်လည်ခေါ်ဆောင်လိုကြောင်း ကာလကြာရှည်ဖော်ပြခဲ့သော်လည်း ယခုနှစ် စောစောပိုင်း၌ တာလီဘန်နှင့် အိုင်အက်စ်သောင်းကျန်းမှုကို နှိမ်နင်းရန် အမေရိကန်တပ်များ ဆက်လက်ထားရှိရေး ကာကွယ်ရေးဝန်ကြီး ဂျင်မက်တစ်နှင့် စစ်ဘက်အရာရှိများ၏ စည်းရုံးမှုကို လက်ခံခဲ့သည်။ ယခုအခါ မက်တစ်သည် နှုတ်ထွက်လွှာတင်ခဲ့ပြီဖြစ်သည်။
စက်တင်ဘာ ၁၁ အကြမ်းဖက်မှုအပြီး အမေရိကန်တပ်များသည် အာဖဂန်သို့ ၂၀ဝ၁ ခုနှစ်၌ စတင်ဝင်ရောက် တိုက်ခိုက်ခဲ့သည်။ ယင်းအချိန်မှစ၍ ရှည်ကြာလှသည့်စစ်ပွဲအတွင်း အမေရိကန်စစ်သည် ၂၄၀ဝ ကျော် ကျဆုံးခဲ့ပြီး အမေရိကန်ဒေါ်လာ ဘီလီယံ ၉၀ဝ ကျော်လည်း ကုန်ကျခဲ့သည်။
အမေရိကန်သမ္မတသုံးဆက်ပြောင်းခဲ့ပြီး ငြိမ်းချမ်းရေးနှင့် တပ်ရုပ်ရေးကတိပေးခဲ့ကြသော်လည်း ဖြစ်မြောက်မလာခဲ့ပေ။ အာဖဂန်အစိုးရသည် အကျင့်ပျက်ခြားမှုများဖြင့် နာမည်ပျက်နေပြီး တာလီဘန်တို့သည် နိုင်ငံထက်ဝက်နီးပါးကို ထိန်းချုပ်ထားကာ ၂၀ဝ၁ ခုနှစ်နောက်ပိုင်း အင်အားကြီးမားနေဆဲဖြစ်သည်။
မကြာမီလများအတွင်း တာလီဘန်တို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် အားထုတ်မှုများ အသစ်တဖန် ပြန်စခဲ့သည်။ အမေရိကန်တပ်များ ပြန်လည်ရုပ်သိမ်းသွားပါက တာလီဘန်တို့ ပိုအင်အားကောင်းစွာ လှုပ်ရှားလာမည်ကို စိုးရိမ်ပူပန်နေကြကြောင်း သိရသည်။

















