သမ္မတဒေါ်နယ်ထရမ့်နှင့် မူဝါဒရေးရာ ပဋိပက္ခ ဖြစ်ခဲ့ပြီးနောက် အမေရိကန်ကာကွယ်ရေးဝန်ကြီး မက်တစ် ရာထူးမှနုတ်ထွက်

သမ္မတဒေါ်နယ်ထရမ့်နှင့် မူဝါဒရေးရာ ပဋိပက္ခ ဖြစ်ခဲ့ပြီးနောက် အမေရိကန်ကာကွယ်ရေးဝန်ကြီး မက်တစ် ရာထူးမှနုတ်ထွက်

ဆီးရီးယားမှ အမေရိကန်တပ်များ ရုပ်သိမ်းရန် ရုတ်တရက်ဆုံးဖြတ်မှုနှင့် နှစ်နှစ်အတွင်းကမ္ဘာ့ရေးရာများတွင် အမေရိကန်၏အနေအထားနှင့်ပတ်သက်သည့် မူဝါဒရေးရာများတွင် သမ္မတဒေါ်နယ်ထရမ့်နှင့် ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျင်မက်တစ်က ရာထူးမှနုတ်ထွက်လွှာ တင်သွင်းခဲ့သည်။

ကမ်းတက်တပ်ဗိုလ်ချုပ်ကြီးဟောင်းလည်းဖြစ်သည့် မက်တစ်၏ နုတ်ထွက်မှုသည် ဖေဖော်ဝါရီလကုန်တွင် သက်ရောက်မည်ဖြစ်သည်။

ထရမ့်အစိုးအရအဖွဲ့အတွင်း နိုင်ငံခြားရေးနှင့်ပတ်သက်လျှင် အလေးစားခံရဆုံးပုဂ္ဂိုလ်ဟု သတ်မှတ်ခံရသည့် မက်တစ်သည် သမ္မတထရမ့်၏ တင်းမာပြီး အချိန်မရွေးပြောင်းလဲနိုင်သည့်မူဝါဒများကို ပျော့ပြောင်းလာရန် နှစ်နှစ်အတွင်းကြိုးပမ်းမှု မအောင်မမြင်ဖြစ်ခဲ့ရသည့်နောက် နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။

သင်နှင့်အမြင်ခြင်းလိုက်လောညီထွေဖြစ်မည့် ကာကွယ်ရေးဝန်ကြီးရရှိရန် အခွင့်အရေးရှိသည်ဟု သမ္မတထရမ့်ထံ စာရေးသားပေးပို့ခဲ့ကြောင်း မက်တစ်ကပြောဆိုခဲ့သည်။ နုတ်ထွက်စာတင်ရန် အိမ်ဖြူတော်သို့သွားရောက်ခဲ့ပြီး သမ္မတထရမ့်နှင့် ၄၅ မိနစ်ကြာဆွေးနွေးခဲ့ကြောင်းလည်း သတင်းထွက်ပေါ်ခဲ့သည်။

မတ်တစ်၏နုတ်ထွက်စာတွင် နောက်ထပ် အမေရိကန်၏သိသာထင်ရှားသည့် အငြင်းပွားဖွယ်မူဝါဒ အရွှေ့အပြောင်း ဖြစ်သည့် အာဖဂန်မှ အမေရိကန်တပ်လျှော့ချရေးကိုလည်း မှတ်ချက်ပေးမထားပေ။

သို့သော် ၄င်း၏ပင်မယုံကြည်မှုက အမေရိကန်အင်အားသည် မဟာမိတ်များနှင့် ခွဲခြားမရအောင် ယှက်နွယ်နေပြီး သမ္မတ၏ အမေရိကန်ပထမမူဝါဒသည် တစ်ဘက်စောင်းနင်းဖြစ်နေခြင်းကြောင့် အငြင်းပွားဖွယ်ဖြစ်ရကြောင်း၊ တရုတ်နှင့်ရုရှားတို့သည် ၄င်းတို့၏အာဏာရှင်စနစ်မိုဒယ်ကို ပြန့်နှံ့ရန် အလိုရှိနေပြီး ၄င်းတို့၏အကျိုးစီးပွားမြှင့်တင်ရန် အမေရိကန်နှင့် မဟာမိတ်များကျခံမှုကို အသုံးချနေကြောင်း၊ ယင်းကြောင့် ဘုံအကျိုးစီးပွားကာကွယ်ရေးကိုပံ့ပိုးရန် ရှိသမျှ တန်ဆာပလာအားလုံးကို မဖြစ်မနေအသုံးချကြရမည်ဖြစ်ကြောင်းလည်း မက်တစ်က ထုတ်ပြန်ခဲ့သည်။

အမေရိကန်သည် လွတ်လပ်သည့်ကမ္ဘာတွင် မရှိမဖြစ်ကျန်ရှိနေစဉ် မိမိတို့၏အားကောင်းသည့် မဟာမိတ်များနှင့် ဆက်ဆံရေးကို ထိန်းသိမ်းထားမှုမပြုဘဲ၊ ယင်းမဟာမိတ်များအပေါ် လေးစားမှုမပြဘဲ မိမိတို့၏အကျိုးစီးပွားနှင့် အနေအထားကို ကာကွယ်နိုင်မည်မဟုတ်ဟုလည်း မက်တစ်က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။