ပြင်သစ်နိုင်ငံတွင်း အကြမ်းဖက်မှုများပါဝင်သော ဆန္ဒပြမှုများဖြစ်ပွားနေချိန်တွင် ပြင်သစ်အစိုးရသည် ရဲတပ်ဖွဲ့ဝင်များက အလုပ်ခွင်အခြေအနေများတိုးတက်ကောင်းမွန်အောင်ဆောင်ရွက်ပေးရန်နှင့် ယခင်က မရခဲ့သည့် အချိန်ပိုကြေးများကိုပေးအပ်ရန်တောင်းဆိုမှုများကို လိုက်လျောလိုက်ရပြီဖြစ်သည်။
လွန်ခဲ့သောအပတ်တွင် စထရက်ဘိုး၌ အကြမ်းဖက်တိုက်ခိုက်မှု၊ရက်သတ္တပတ်ငါးပတ်ကျော်ကြာမြင့်နေပြီဖြစ်သည့် အကြမ်းဖက်မှုပါဝင်သော အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုများနှင့် ခရစ္စမတ်ကာလအတွင်း လုံခြုံရေးတိုးမြှင့်တာဝန်ယူရခြင်းတို့ကြောင့် အစိုးရအရာရှိများသည် ရဲသမဂ္ဂများနှင့် ဆွေးနွေးရန် သဘောတူခဲ့ခြင်းဖြစ်သည်။
ဒီဇင်ဘာ ၁၉ ရက်တွင် တစ်ရက်ကြာ အလုပ်ကိုဖြည်းဖြည်းမှန်မှန်သာ လုပ်ဆောင်ရန် သမဂ္ဂများက တောင်းဆိုခဲ့သော်လည်း ယင်းတောင်းဆိုမှုကို ရဲတပ်ဖွဲ့စခန်းအားလုံးက မလိုက်နာခဲ့ချေ။ ပါရီရှိ အဓိကလေဆိပ်ကြီးနှစ်ခု၌မူ ခရီးသည်စစ်ဆေးမှုတွင် ကြန့်ကြာမှုများရှိခဲ့ကာ သပိတ်မှောက်ခွင့်မရှိသော ရဲတပ်ဖွဲ့ဝင်များကလည်း တတ်နိုင်သည့်နည်းဖြင့် ဆန့်ကျင်ခဲ့ကြခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့ဝင်များက ကာလရှည်တောင်းဆိုနေသည့် လစာတိုးမြှင့်ပေးရန်အပါအဝင် တောင်းဆိုမှုတချို့ကို လိုက်လျောခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ယူရို ၂၇၅ သန်းခန့်ရှိသည့် အချိန်ပိုကြေးများကိုလည်းပေးအပ်မည်ဖြစ်ကြောင်း အစိုးရက ကတိပြုခဲ့သည်။
ရဲတပ်ဖွဲ့ဝင်များ တတ်နိုင်သည်ထက် ပိိုမိုအလုပ်လုပ်နေရခြင်း၊ ရဲတပ်ဖွဲ့သုံးကိရိယာများမလုံလောက်ခြင်း၊ လူသူလေးစားမခံရခြင်းကဲ့သို့ ပြဿနာမျိုးစုံကိုဖြေရှင်းနိုင်ရေးအတွက် ပြုပြင်ပြောင်းလဲမှုကြီးများကို ဖော်ဆောင်မည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ကတိပြုခဲ့သည်။
နစ်နာကြေးနှင့် အလုပ်ချိန်တို့နှင့်ပတ်သက်၍မူ ဇန်နဝါရီတွင် ဆွေးနွေးမည်ဖြစ်သည်။
ရဲတပ်ဖွဲ့ဝင်များကြား ကိုယ့်ကိုယ်ကိုယ်သတ်သေနှုန်းသည် သာမန်ပြည်သူများကြား ကိုယ့်ကိုယ်ကိုယ်သတ်သေနှုန်းထက် ၃၆ ရာခိုင်နှုန်းပိုမိုများပြားနေသည့်အတွက် အလုပ်ခွင်အခြေအနေများ တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ပေးရန် သမဂ္ဂများက တောင်းဆိုခဲ့သည်။ ၂၀၁၈ ခုနှစ်အတွင်း ရဲတပ်ဖွဲ့ဝင် ၃၀ ကျော် ကိုယ့်ကိုယ်ကိုယ်သတ်သေခဲ့ပြီးဖြစ်ကာ အများစုသည် ၎င်းတို့ကိုထုတ်ပေးထားသည့် ပြောင်းတိုသေနတ်များဖြင့်ဖြစ်သည်။

















