အမေရိကန်နှင့် အနောက်နိုင်ငံ အစိုးရများ၊ ကုမ္ပဏီများ၏ ကွန်ပျူတာစနစ်များကို ထိုးဖောက်တိုက်ခိုက်မှုဖြင့် တရုတ် ဟက်ကာနှစ်ဦးကို အမေရိကန် တရားရေးဌာနက အမှုဖွင့်ထားသည်။
ထိုနှစ်ဦးသည် တရုတ် ထောက်လှမ်းရေးနှင့် ဆက်စပ်နေသော Advanced Persistent Threat 10 အမည်ရှိ ဟက်ကာအဖွဲ့မှဖြစ်ကြောင်း တရားရေးဌာနက ဆိုသည်။
ယင်းဟက်ကာနှစ်ဦးမှာ ကျူဟွာနှင့် ကျန် ရှီလုံတို့ဖြစ်ပြီး ၄င်းတို့နှစ်ဦးကို ဖမ်းဆီးမိသေးခြင်း မရှိကြောင်းလည်း သိရသည်။ စီးပွားရေးသူလျှိုမလုပ်ရန် သဘောတူထားချက်များကို တရုတ်က ချိုးဖောက်သည်ဟုလည်း အမေရိကန်နှင့် ဗြိတိန်တို့က စွပ်စွဲထားသည်။
ထိုနှစ်ဦးသည် ဟွာယင် ဟိုင်တိုင် အမည်ရှိ နည်းပညာကုမ္ပဏီတွင် လုပ်ကိုင်နေသူများဖြစ်ကာ ထိုကုမ္ပဏီသည် တရုတ်နိုင်ငံတော်လုံခြုံရေး ဝန်ကြီးဌာနနှင့် ချိတ်ဆက်မှုရှိနေကြောင်း တရားရေးဌာနက ပြောသည်။
အက်ဖ်ဘီအိုင်၏ ဖော်ပြမှုအရ ထိုနှစ်ဦးသည် ၂၀ဝ၆ မှ ၂၀၁၈ ခုနှစ်အတွင်း အမေရိကန်နိုင်ငံရှိ စီးပွားရေးနှင့် ကာကွယ်ရေးလုပ်ငန်း နည်းပညာဆိုင်ရာ ကုမ္ပဏီ ၄၅ ခုထံမှ ဉာဏမူပိုင်ခွင့် အချက်အလက်များ ခိုးယူခဲ့သလို၊ ဗြိတိန်၊ ဘရာဇီး၊ ကနေဒါ၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အိန္ဒိယ၊ ဂျပန်၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ယူအေအီး နိုင်ငံများမှ ကွန်ပျူတာစနစ်များအတွင်းသို့ ထိုးဖောက်ဝင်ရောက်ကာ အချက်အလက်များ ရယူခဲ့ကြောင်း အမေရိကန် တရားရေးဌာနက ဆိုသည်။ထိုနှစ်ဦးသည် အမေရိကန် ရေတပ်ကွန်ပျူတာစနစ်ကိုလည်း ဟက်ကာ တိုက်ခိုက်ကာ ရေတပ်ဝန်ထမ်း တစ်သိန်းကျော်၏ ကိုယ်ရေးအချက်အလက်များကို ခိုးယူခဲ့ကြောင်း အက်ဖ်ဘီအိုင်က ပြောသည်။
ထိုနှစ်ဦးသည် လက်ရှိတွင် အမေရိကန်၏ တရားရေးကွန်ရက် အပြင်ဘက်တွင် ရှိနေသေးကြောင်း အက်ဖ်ဘီအိုင် ညွှန်ကြားရေးမှူး ခရစ္စတိုဖာ ဝေးက ပြောသည်။ သြစတြေးလျနှင့် နယူးဇီလန်တို့ကလည်း တရုတ်သည် နိုင်ငံတကာ ဟက်ကာ တိုက်ခိုက်မှုများတွင် အဓိက လက်သည်ဖြစ်သည်ဟု ဝေဖန်ထားကြသည်။

















