ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ အထွေထွေရွေးကောက်ပွဲများ မကျင်းပမီရက်အနည်းငယ်အလိုတွင် အတိုက်အခံများနှင့်ပတ်သက်၍ သတင်းမှားများကို ဖြန့်ချိနေသည့် သတင်းတုဝက်ဘ်ဆိုက်များအား ဖေ့စ်ဘွတ်ခ်က ဖြုတ်ချမှုများပြုလုပ်နေပြီဖြစ်သည်။
အတိုက်အခံဆန့်ကျင်ရေး ဝါဒဖြန့်ချိမှုများပြုလုပ်နေသည့် တရားဝင်သတင်းဝက်ဘ်ဆိုက်များကို တုပထားသည့် ဖေ့စ်ဘွတ်ခ်စာမျက်နှာကိုးခု၊ ပုဂ္ဂလိကအကောင့်တုခြောက်ခုတို့ ဖြုတ်ချမည်ဖြစ်ကြောင်း ယင်းစာမျက်နှာများသည် အစိုးရနှင့် ပတ်သက်မှုရှိသော ဘင်္ဂလားဒေ့ရှ်သားများက ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း ဖေ့စ်ဘွတ်ခ်၏ ဆိုက်ဘာလုံခြုံရေးမူဝါဒဌာနအကြီးအကဲ နသန်နီယယ် ဂလိုက်ချာကပြောဆိုခဲ့သည်။
ယင်းဆိုက်များသည် မမှန်ကန်မှုများကို ညီညွတ်စွာပြုမူခဲ့ကြကြောင်း ဂလိုက်ချာက အေပီသို့ပြောဆိုခဲ့သည်။ယင်းဆိုက်များကို ဖန်တီးပြီး စီမံနေသူများသည် အစိုးရနှင့်ပတ်သက်မှုရှိသူများဖြစ်ကြောင်း ဖေ့စ်ဘွတ်ခ်နှင့် လက်တွဲဆောင်ရွက်နေသည့် ခြိမ်းခြောက်မှုထောက်လှမ်းရေးကုမ္ပဏီတစ်ခုက ဆုံးဖြတ်ခဲ့သည်ဟု ၎င်းကပြောဆိုသည်။
ဘင်္ဂလားဒေ့ရှ် အကောင့် ၁၅ ခုသည် လူမှုကွန်ရက်ကိုအသုံးချပြီး မမှန်ကန်သော လုပ်ရပ်များကို ကျူးလွန်နေကြောင်း တွစ်တာကလည်း ထုတ်ပြန်ခဲ့သည်။ အဆိုပါဆိုက်များသည် နာမည်ရသတင်းစာမျက်နှာများနှင့် ဆင်တူအောင် ဖန်တီးထားပြီး ယင်းကဲ့သို့ လုပ်ကြံဖန်တီးခံရသည့် သတင်းဆိုက်များတွင် ဘီဘီစီ၏ ဘင်္ဂလားဘာသာဖြင့်တင်ဆက်သော ဆိုက်နှင့် နာမည်ကျော် အွန်လိုင်းသတင်းစာ bdnews24.com လည်းပါဝင်ကြောင်း ဖေ့စ်ဘွတ်ခ်က ထုတ်ပြန်ခဲ့သည်။<
အဆိုပါဆိုက်များသည် ထောင်ဒဏ်ကျခံနေရသည့် အတိုက်အခံခေါင်းဆောင် ခါလီဒါ ဇီယာ၏နောက်လိုက်များက ဆူပူအုံကြွမှုများကို ဖန်တီးနေကြောင်း ထုတ်ပြန်မှုများအပါအဝင် သတင်းတုများကို ဖော်ပြခဲ့သည်။
ဖေ့စ်ဘွတ်ခ်က သတင်းတုဖန်တီးသည့် စာမျက်နှာများနှင့်ပတ်သက်၍ နိုဝင်ဘာကတည်းက စုံစမ်းစစ်ဆေးခဲ့ခြင်းဖြစ်ပြီး လာမည့်ရက်သတ္တပတ်အနှောင်းပိုင်းတွင် အဆိုပါဆိုက်များကို အပြီးဖြုတ်ချမည်ဖြစ်သည်။

















