အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တောင်းခံထားသည့် မက္ကဆီနှင့်နယ်စပ် စည်းရိုး အဆင့်မြှင့်တင်ရေး စီမံကိန်းဘတ်ဂျက်ငွေအပါအဝင် ပြည်ထောင်စုဘတ်ဂျက်ကို အောက်လွှတ်တော်က အတည်ပြုချထားပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
အမေရိကန်နှင့် မက္ကဆီကိုနယ်စပ် စည်းရိုး ဘတ်ဂျက်မရပါက ပြည်ထောင်စုဘတ်ဂျက်ကို လက်မှတ်မထိုးဘဲ အစိုးရယန္တရားရပ်တန့်အောင် လုပ်မည်ဟု သမ္မတ ထရမ့်က ခြိမ်းခြောက်ထားသည်။
ဘတ်ဂျက်ကို အထက်လွှတ်တော်သို့ တင်သွင်းထားပြီဖြစ်ပြီး အထက်လွှတ်တော်တွင် ပယ်ချခံရနိုင်ခြေ ရှိနေသေးကြောင်းလည်း တွေ့ရသည်။
အောက်လွှတ်တော်တွင် ဒီဇင်ဘာ ၂၀ ညက ဘတ်ဂျက်မဲခွဲခဲ့ရာ ထောက်ခံမဲ ၂၁၇ မဲ၊ ကန့်ကွက်မဲ ၁၈၅ မဲဖြင့် အတည်ပြုနိုင်ခဲ့ခြင်းဖြစ်ကာ သမ္မတထရမ့် တောင်းခံထားသည့် နယ်စပ်စည်းရိုး အဆင့်မြှင့်တင်ရေးဘတ်ဂျက် ဒေါ်လာ ၅ ဒသမ ၇ ဘီလီယံလည်း ပါဝင်သည်။ သဘာဝဘေး ပြည်လည်ထူထောင်ရေး ဘတ်ဂျက် ဒေါ်လာ ၇ ဒသမ ၈ ဘီလီယံလည်း ပူးတွဲပါဝင်သည်။
အောက်လွှတ်တော်ဥက္ကဋ္ဌ ပေါလ် ရန်၊ ရီပတ်ဘလီကန်ခေါင်းဆောင်များနှင့် သမ္မတ ထရမ့်တို့ ဒီဇင်ဘာ ၂၀ နေ့လယ်ပိုင်းက ဘတ်ဂျက်ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ပြီးနောက် အောက်လွှတ်တော်တွင် ညပိုင်း၌ မဲခွဲ အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။ နယ်စပ်စည်းရိုး ဘတ်ဂျက် ထည့်သွင်းတောင်းခံထားသော ပြည်ထောင်စုဘတ်ဂျက်သည် အထက်လွှတ်တော်ကို ဖြတ်သန်းနိုင်ရန် ထောက်ခံမဲ ၆၀ လိုအပ်သည်။
သမ္မတ ထရမ့်၏ ရီပတ်ဘလီကန်ပါတီသည် အထက်လွှတ်တော်တွင် ၅၁ နေရာထိ ရရှိကာ လူများစုနေရာ ရရှိထားသော်လည်း မဲ ၆၀ မပြည့်စေရန် ဒီမိုကရက်များက ခုခံပယ်ချနိုင်သည့် အနေအထား ရှိနေဆဲဖြစ်သည်။
အထက်လွှတ်တော်က ဘတ်ဂျက်ကို ထောက်ခံအတည်ပြုနိုင်ခြင်းမရှိပါက ပြည်ထောင်စုလုံခြုံရေးဌာနများ၊ လေဆိပ်လုံခြုံရေး၊ အာကာသလေ့လာရေး၊ စိုက်ပျိုးရေးဌာနများအတွက် ရန်ပုံငွေများ အချိန်မီ ချထားမပေးနိုင်မည့် အန္တရာယ်ရှိနေကြောင်းလည်း သိရသည်။

















