ဘဏ္ဍာရေး အလွဲသုံးစားမှု စွဲချက်များဖြင့် ထိန်းသိမ်းခံထားရသော နစ်ဆန်း ကားလုပ်ငန်း ဥက္ကဋ္ဌဟောင်း ကားလို့စ် ဂို့စန်သည် စွဲချက်သစ်များဖြင့် ထပ်မံဖမ်းဆီးခံလိုက်ရကြောင်း သိရသည်။ ၄င်းသည် လုပ်ငန်းသုံးငွေ အလွဲသုံးမှု၊ ဝင်ငွေ ဒေါ်လာ သန်း ၈၀ ကျော်အတွက် အခွန်ရှောင်ရန် ဖုံးဖိထားမှုတို့ဖြင့် ပြီးခဲ့သည့်လက စတင်ကာ အချုပ်ဖြင့် နေထိ်ုင်နေရခြင်းဖြစ်သည်။
မစ္စတာ ဂို့စန်ကို သက်တမ်းတိုးထိန်းသိမ်းထားရန် အစိုးရရှေ့နေများက ဒီဇင်ဘာ ၂၀ တွင် လျှောက်ထားမှုကို တရားရုံးက ပယ်ချခဲ့သဖြင့် အာမခံရရှိရန် နီးစပ်ခဲ့သော်လည်း ယုံကြည်မှုအလွဲသုံးစားမှု စွဲချက်သစ်များ ရင်ဆိုင်ရကာ ထပ်မံ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
ဂျပန် သတင်းဌာန အင်န်အိပ်ချ်ကေက ဖော်ပြချက်အရ ၂၀ဝ၈ ခုနှစ် ငွေကြေးအကျပ်အတည်း ကာလလွန်တွင် မစ္စတာ ဂို့စန်သည် ပုဂ္ဂိုလ်ရေး ရင်းနှီးမြှုပ်နှံငွေ ဒေါ်လာ ၁၆ သန်း အရှုံးပေါ်မှုကို နစ်ဆန်းကုမ္ပဏီ ငွေစာရင်းထဲ ထည့်သွင်းခဲ့မှုစွဲချက်ဖြင့် ထပ်မံဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။
နောက်ဆုံး စွဲချက်နှင့် စပ်လျဉ်းပြီး မစ္စတာ ဂို့က မှတ်ချက်ပေးခြင်း မရှိသေးသော်လည်း ကနဦး စွဲချက်အားလုံးတွင် အပြစ်မရှိကြောင်း ခုခံချေပထားသည်ကို တွေ့ရသည်။
ဘဏ္ဍာရေးအလွဲသုံးစားမှုဖြင့် စွပ်စွဲခံရပြီးနောက် ယခုနှစ် နိုဝင်ဘာတွင် မစ္စတာ ဂို့စန်သည် တိုကျိုတွင် ဖမ်းဆီးခံခဲ့ရသည်။ ဘဏ္ဍာရေးအလွဲသုံးစားမှု အပြစ်ရှိပါက မစ္စတာ ဂို့စ်သည် ထောင်ဒဏ် ၁၀ နှစ်ထိ ကျခံရနိုင်သလို၊ ဂျပန်ယန်း သန်း ၇၀ဝ (ဒေါ်လာ ၆ ဒသမ ၂ သန်း) လည်း ဒဏ်ကြေးဆောင်ရနိုင်ခြေ ရှိကြောင်း ဂျပန် အစိုးရရှေ့နေများက ပြောသည်။
မစ္စတာ ဂို့စန်ထိန်းသိမ်းခံရမှုကြောင့် ရေးနော့၊ နစ်ဆန်း၊ မစ်ဆူဘီရှိ ကမ္ဘာ့ကားလုပ်ငန်းကြီးသုံးခု ညွန့်ပေါင်းကုမ္ပဏီကြီး ထူထောင်ထားမှု အနာဂတ်အတွက်လည်း မေးခွန်းထုတ်စရာ ဖြစ်လာသည်။
နစ်ဆန်းနှင့် မစ်ဆူဘီရှီတို့က မစ္စတာ ဂို့စန်ကို ဥက္ကဋ္ဌ ရာထူးမှ ထုတ်ပယ်လိုက်ကြပြီဖြစ်သည်။ ရေးနော့ကမူ မထုတ်ပယ်သေးဘဲ လုပ်ငန်းဝတ္တရားများ အစားထိုး ထမ်းဆောင်ရန် ဒုတိယအမှုဆောင်အရာရှိတစ်ဦးကို ခန့်ထားကြောင်း တွေ့ရသည်။

















