ပရမ်းပတာ ပျံသန်းနေသည့် အဝေးထိန်းလူမဲ့ ဒရုန်းယာဉ်ပျံများကြောင့် ပိတ်ပင်ထားခဲ့ရမှု ၂၄ နာရီကျော် ကြာမြင့်ခဲ့ပြီးနောက် လန်ဒန်မြို့မှ ဂက်တ်ဝစ်လေယာဉ်ကွင်းကို ဒီဇင်ဘာ ၂၁ ရက်၌ ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။
အားလပ်ရက်ခရီးသွားရာသီဖြစ်၍ ခရီးသည်ပြည့်နှက်နေသည့် လေဆိပ်ပိတ်ပင်ခဲ့ရခြင်းကြောင့် ခရီးသည်သောင်းဂဏန်း ခရီးစဉ်များ နှောင့်နှေးမှုနှင့် ဖျက်သိမ်းမှု ဖြစ်ပေါ်ခဲ့သည်။
အရေအတွက်အကန့်အသတ်နှင့် လေယာဉ်ထွက်ခွာရောက်ရှိရန် လေယာဉ်ပြေးလမ်း အသုံးပြုနိုင်ပြီဖြစ်ကြောင်း လေဆိပ်က ဒီဇင်ဘာ ၂၁ ရက်မနက်၌ ထုတ်ပြန်ခဲ့သည်။
ဒရုန်းများကို ဒီဇင်ဘာ ၁၉ ရက်ညနေပိုင်းက စတင်တွေ့ရှိခဲ့ပြီး ခရီးသည်တင်လေယာဉ်နှင့် ဒရုန်းတိုက်မိနိုင်ခြေရှိသည်ကို ရဲတပ်ဖွဲ့က စိုးရိမ်မှုကြောင့် ဂက်တ်ဝစ်လေဆိပ်ကို ဒီဇင်ဘာ ၂၀ ရက်၌ ပိတ်ပစ်ခဲ့သည်။ လေဆိပ်ထုတ်ပြန်ချက်တွင် ဒရုန်းများ ထပ်မံ မြင်တွေ့ရမည်ကို စိုးရိမ်နေဆဲဖြစ်သည်။
ဂက်တ်ဝစ်လေဆိပ်သည် လန်ဒန်မြို့လည်မှတောင်ဘက် မိုင် ၃၀(၄၅ ကီလိုမီတာ)အကွာတွင်ရှိပြီး တစ်နှစ်လျှင် ခရီးသည် ၄၃ သန်း ဖြတ်သန်းသွားလာသည်။ ဒီဇင်ဘာ ၂၀ ရက်တစ်ရက်တည်းပင်း ခရီးသည် ၁၁၀ဝ၀ဝ ဖြတ်သန်းရန် အစီအစဉ်ရှိခဲ့သည်။
ရဲတပ်ဖွဲ့၏လေကြောင်းအာဏာပိုင်များ၏ စုံစမ်းစစ်ဆေးမှုကို ဗြိတိန်စစ်တပ်က ကူညီပေးနေပြီး အသေးစိတ်ကို ထုတ်ပြန်ခြင်း မရှိသေးပေ။
သို့သော် ပျံသန်းခဲ့သည့်ဒရုန်းများသည် စက်မှုလက်မှုလုပ်ငန်းသုံးများဖြစ်ပြီး ပျံသန်းရခြင်းအကြောင်းရင်းကို မသိရှိရသေးပေ။ အကြမ်းဖက်မှုနှင့် ဆက်နွယ်သည်ဟု ညွန်းဆိုသည့်လက္ခဏာမရှိကြောင်းသာ ရဲတပ်ဖွဲ့က ပြောဆိုခဲ့သည်။

















