မြန်မာ့လက်ရွေးစင်သက်တမ်းအလိုက်အသင်းများ ဂျပန်နိုင်ငံ၌ စခန်းသွင်းလေ့ကျင့်နိုင်ရန်အတွက် ဂျပန်ဘောလုံးအဖွဲ့ချုပ်က ကူညီပေးမည်ဖြစ်ကြောင်း ဂျေအက်ဖ်အေ ဥက္ကဋ္ဌ မစ္စတာ တာရှီမာခိုဇိုက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌက ဦးဇော်ဇော်နှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။
ဆွေးနွေးခဲ့
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ဂျပန်နိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ မစ္စတာ တာရှီမာခိုဇို တို့သည် ဒီဇင်ဘာ ၂၁ ရက် မွန်းတည် ၁၂နာရီက နိုဗိုတယ်ဟိုတယ်မက်စ်ဟိုတယ်တွင်တွေ့ဆုံပြီး နှစ်နိုင်ငံ ဘောလုံးကိစ္စရပ်များ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆွေးနွေးခဲ့ကြရာ၌ ယခုကဲ့သို့ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
ဆွေးနွေးပွဲတွင် နည်းစနစ်ပိုင်းဆိုင်ရာများ ၊ သက်တမ်းအလိုက်ပြိုင်ပွဲများနှင့် လူငယ် ဘောလုံးပြိုင်ပွဲများကို အခြေခံပညာကျောင်းများတွင် ကျင်းပနေရာ နိုင်ငံတော်၏ ပံ့ပိုးမှုဆိုင်ရာ အခန်းကဏ္ဍများကို ဆွေးနွေးခဲ့ကြသည်။
စခန်းသွင်းလေ့ကျင့်
ဂျပန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ မစ္စတာ တာရှီမာခိုဇိုက မြန်မာ့ဘောလုံးလောကတိုးတက်ရေးအတွက် အကူအညီများပေးသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး မြန်မာ့လက်ရွေးစင်အမျိုးသား၊ အမျိုးသမီး သက်တမ်းအလိုက် ပြိုင်ပွဲဝင်အသင်းများလည်း ဂျပန်နိုင်ငံ၌ စခန်းသွင်းလေ့ကျင့်နိုင်ရေးအတွက် ဂျပန်ဘောလုံး အဖွဲ့ချုပ်အနေဖြင့် ပံ့ပိုးကူညီပေးမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ဖိတ်ကြားခဲ့
ထို့ပြင် ဂျပန် ဘောလုံးအဖွဲ့ချုပ်သည် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီတွင် ကျင်းပမည့် Japan-Asean Youth Exchange Sport(Women Football) ပြိုင်ပွဲအား မြန်မာ့လက်ရွေးစင်ယူ-၁၉အသင်း ဝင်ရောက်ယှဉ်ပြိုင်ပေးရန်လည်း ဖိတ်ကြားခဲ့သည်။
မြန်မာ့လက်ရွေးစင် ယူ-၁၉ အမျိုးသမီးအသင်းသည် ၂၀၁၉ အာရှအမျိုးသမီးခြေစစ်ပွဲ ဒုတိယအဆင့်ပြိုင်ပွဲကို လာမည့်နှစ် ဧပြီတွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။















